မြန်မာနိုင်ငံလာမယ့် နိုင်ငံခြားသားတွေကို လေဆိပ်မှာ ဒေါ်လာနဲ့ ကျန်းမာရေးအာမခံ စစ်ဆေးမယ်

စက်တင်ဘာ ၁၉ – ၂၀၂၃
SN (VOM)

မြန်မာနိုင်ငံကိုလာရောက်မယ့် နိုင်ငံခြားသားတွေကို ပြည်တွင်းဝင်ခွင့်အတွက် အမေရိကန်ဒေါ် လာငွေသားနဲ့ ကျန်းမာရေးအာမခံ ရှိ၊မရှိ စစ်ဆေးမယ်လို့ မြန်မာအစိုးရကကြေညာထားကြောင်း ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးကနေ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း သီတင်းပတ်နှစ်ပတ်ထက် ကျော်လွန်နေထိုင်ခြင်းမျိုးမရှိတဲ့ နိုင်ငံခြားသားတွေအနေနဲ့ လေဆိပ်ကို ဆိုက်ရောက်လာတဲ့အခါမှာ အဲ့ဒီစစ်ဆေးမှုကိုခံယူဖို့ ပြင်ဆင်ထားသင့်ပြီး အခုလို ကန့်သတ်မှုဟာ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်ရေး ဆောင်ရွက်လိုတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

“ပြည်ပခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်တဲ့အခါ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ကျန်းမာရေးအာမခံချက် စစ်ဆေးခံရမှာဖြစ်သလို မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနက လေဆိပ် လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ ပြည်ပခရီးသွားတွေကို အမေရိကန်ဒေါ်လာ စစ်ဆေးမှုတွေလည်း လုပ်ဆောင်မှာဖြစ်ပါတယ်”လို့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အရင်က ကိုဗစ်စည်းကမ်းချက်တွေအရ ကိုဗစ်ဓာတ်ခွဲမှုအဖြေနဲ့ ကာကွယ် ဆေးထိုးလက်မှတ် ပြသရတာဖြစ်ပြီး အခုအခါမှာတော့ ကျန်းမာရေးအာမခံ ဝယ်ယူထားမှုကိုသာ ပြသရတော့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့လို ပြသရာမှာ ပြည်ပခရီးသွားတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းက ဝယ်ယူထားတဲ့ ကျန်းမာရေးအာမခံကိုဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံများမှ ဝယ်ယူလာတဲ့ ကျန်းမာရေးအာမခံကိုဖြစ်စေ ဝယ်ယူထားကြောင်း အထောက်အထားတွေကို သက်ဆိုင်ရာ ဝင်၊ထွက်ဂိတ်တွေရှိ ကျန်းမာရေးအရာရှိထံ တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

“အရင်တုန်းကဆိုရင် ဝင်ရောက်လာတဲ့ခရီးသည်တွေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ်ပြရတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ် မပါရှိတဲ့ ခရီးသည်တွေဆိုရင်တော့ ၄၈ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးထားတဲ့အဖြေပါရမယ် ဆိုတာရှိပါတယ်။ အဲဒါကို အခုနောက်ပိုင်းအနေနဲ့ ကိုဗစ်-၁၉ ရောဂါအနေနဲ့ ဓာတ်ခွဲစမ်း သပ်မှုအဖြေရော၊ ကာကွယ်ဆေးထိုးလက်မှတ်လည်း မလိုတော့ပါဘူး။ ဒါပေမယ့် နိုင်ငံတကာကနေလာတဲ့ ခရီးသည်တွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ဖြစ်၊ တခြား ကျန်းမာရေးပြဿနာတွေဖြစ်ဖြစ် ဖြစ်ပွားခဲ့ရင် သူတို့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာရေးဆိုင်ရာ အာမခံကို သတ်မှတ်ထားပါတယ်” လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က မီဒီယာကတဆင့် အသိပေး ပြောကြားထားပါတယ်။

ဒါ့အပြင် ယူဆောင်လာခွင့်ပြုမယ့် ဒေါ်လာပမာဏနဲ့ ပတ်သက်လို့ ပြည်ပခရီးသွားတွေကို အမေရိကန်ဒေါ်လာ မည်မျှပမာဏ ကိုင်ဆောင်ခွင့်ပြုမယ်ဆိုတဲ့ အချက်ကတော့ မြန်မာနိုင်ငံက သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စဉ်းစားဆုံးဖြတ်မှုအပေါ် မှာ မူတည်နေတယ်လို့ ထိုင်းသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ်ဆိုပါက သင့်လျော်တဲ့ ငွေကြေးပမာဏကို ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ထိုင်းသံရုံးက အကြံပြုတိုက်တွန်းထားပြီး
ကိုင်ဆောင်ထားရမယ့် ငွေသားပမာဏ လိုအပ်ချက်ကို အတည်ပြုနိုင်ဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ထပ်မံ အသိပေးထားပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြည်တွင်းကိုလာရောက်မယ့် နိုင်ငံခြားသားတွေကို အမေရိကန်ဒေါ် လာ ၁၀၀၀ ကို ငွေသားအနေနဲ့ ကိုင်ဆောင်ထားသင့်‌ကြောင်း အကြံပြုထားတယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားမဟုတ်တဲ့ ပြည်ပမှပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ သူကိုတော့ ကျန်းမာရေးအာမခံ ပြသခိုင်းမှာမဟုတ်ဘဲ လေဆိပ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ချိန် ကိုဗစ်-၁၉ ရောဂါတွေ့ရှိပါက ဆေးရုံ၊ ကွာရန်တင်းစင်တာတွေကိုပို့ဆောင်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #မြန်မာ #နိုင်ငံခြားသားဝင်ရောက်မှုကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW