စက်တင်ဘာ ၊ ၂၂ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ မေတ္တာမြိုင်ရပ်ကွက် ၊ မြို့နယ် စုပေါင်းရုံးနားမှာ ဒီကနေ့မနက် အစောပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီး ရဲနဲ့ပြည်သူ့စစ်တချို့ သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ဒီမနက် ၁ နာရီဝန်းကျင်က တိုက်ပွဲစဖြစ်တယ် ၊ လဝကရုံး မီးလောင်သွားတယ် ၊ မြို့နယ်တရားရုံး ၊ မြို့နယ်ပညာရေးမှူးရုံးတွေလည်း ပစ်ခံရတယ် ၊ အခုချိန်ထိတော့ အဲ့ဒီရုံးတွေထဲကို ဝင်ရောက်စစ်ဆေးတာ မရှိတဲ့အတွက် အပျက်အစီး ဘာတွေရှိမလည်းဆိုတာ မသိရသေးဘူး ၊ ညကဖြစ်စဥ်မှာ ရဲ ၅ ယောက်နဲ့ ပြည်သူ့စစ် ၄ ယောက် သေတယ် ၊ ၁၂ ဦး ဒဏ်ရာရတယ် ၊ သေဆုံးသူ ၉ ယောက်ကိုတော့ ဒီကနေ့မှာ သဂြိုလ်မယ်လို့ သိရတယ်”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် တည့်ဆန်မြို့ခံတယောက်က ” ညကတိုက်ပွဲအခြေအနေက ပြင်းထန်တယ် ၊ ဒီမနက် အစောကြီးက သေဆုံး ဒဏ်ရာရသူတွေကို ဆေးရုံကို သယ်သွားတယ် ၊ အရေအတွက် အတိအကျ မသိရဘူး ၊ ဒီကနေ့ မြို့ပတ်လည် လုံခြုံရေးတွေ တိုးမြင့်ချထားတယ် ၊ မြို့ပေါ်မှာလည်း လူသွားလူလာ မရှိသလောက်ဖြစ်နေတယ်”လို့ ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ရေဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “တန့်ဆည် စုပေါင်းရုံးနားမှာ ဒီမနက် ထိတွေ့မှုဖြစ်ပွားတယ် ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ ကျဆုံးတာရှိတယ်၊ လက်နက်ခဲယမ်းတချို့လည်း ပါသွားတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ တန့်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်က ” လက်နက်တွေပါသွားတာရှိတယ် ၊ ကာဘိုင် ၇ လက် ၊ BA 63 ၃ လက် ၊ ခြောက်လုံးပြူ ၁ လက် လို့ ကနဦးသိရတယ် ၊ ပါဆုံးစာရင်း ပြုစုဆဲဖြစ်တယ်”လို့ ပြောပါတယ်။
အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာအချို့မှာတော့ ညက တန့်ဆည်တိုက်ပွဲမှာ ရဲနဲ့ စစ်သား ၂၃ ယောက်သေဆုံးပြီး သေနတ် ၁၄ လက် သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားတာကိုလည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း တန့်ဆည်မြို့တောင်ဘက် အဝင်ဂိတ်နေရာမှာ ပစ်ခတ်မီုဖြစ်ပွားပြီး ရဲ ၆ ယောက် နဲ့ သေနတ် ၇ လက်ပါသွားတာ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#voiceofmyanmar #VOM #တန့်ဆည်