စက်တင်ဘာ ၂၅- ၂၀၂၃
SP (VOM)
ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ ၊ ပုသိမ်အကျဥ်းထောင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆန္ဒပြတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်နေရတဲ့ အကျဥ်းသား ၃၇ ဦးကို တရားရုံးက ထောင်၆နှစ်စီ အမိန့်ချလိုက်တယ်လို့ ပုသိမ် နိုင်ငံရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ စက်တင်ဘာ တတိယပတ်ထဲက ဆန္ဒပြတာပါ ၊ နိုင်/ကျဥ်း ၆၂ ဦးထဲက ၃၇ ဦးကို နောက်ထပ်အမှုကပ်ပြီး ရုံးထုတ်တယ် ၊ အဲ့ဒီအထဲက ထောင်ဝန်ထမ်းတွေကို ပြန်လည်ခုခံတဲ့ ၁၆ ယောက်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ အရ တရားစွဲတယ် ၊ နောက်ပြီး ကျန်တဲ့ ၁၇ ယောက်ကိုတော့ ရာဇသတ်ကြီး ပုဒ်မ ၃၃၂ အရ တရားစွဲတယ် ၊ အဲ့ဒီ ၃၇ ယောက်ကို တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၆ နှစ်စီ ချလိုက်တယ် “လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဲ့ဒီ အမိန့်ချခံရတဲ့ အကျဥ်းသား ၃၇ ယောက်ဟာ မူလပြစ်မှုတွေဖြစ်တဲ့ ၅၀၅ – က ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေတွေနဲ့ တရားရုံးမှာ တရားရင်ဆိုင်နေရဆဲ သူတွေပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့စပြီး စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်ထဲမှာလည်း တောင်းဆိုချက် ၄ ချက်ရရှိဖို့အတွက် အစာအငတ်ခံ ဆန္ဒပြတဲ့ အကျဥ်းသားတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ပုသိမ်