အရေးပေါ် အကူအညီတောင်းဖို့ မီးသတ်ဦးစီးဌာနရဲ့ 191 Report Appကို အဆင့်မြှင်တင်ထား

စက်တင်ဘာ ၂၅ – ၂၀၂၃
SN (VOM)

ပြည်သူတွေအနေနဲ့ မီးဘေးအပါအဝင် သဘာဝဘေးနဲ့ ရုတ်တရက်ဖြစ်ပွားတတ်တဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့လာပါက အရေးပေါ်အကူအညီတောင်းခံနိုင်ဖို့ 191 Report App ကို အဆင့်မြှင်တင်ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“ကျွန်တော်တို့ အက်ပလီကေးရှင်းလေးက ဖွင့်လိုက်တာနဲ့ ကင်မရာပုံပေါ်တယ်။ အဲ့ဒါကို ဖြစ်တဲ့နေရာကို ဓာတ်ပုံရိုက်ပြီးပို့လိုက်လို့ရှိရင် ကျွန်တော်တို့ဆီကို လိုကေးရှင်းနဲ့အတူတူ ရောက်လာပါတယ်။ အဲ့ဒီ့အခါကျရင် ကျွန်တော်တို့က တကယ်ဖြစ်ပွားတာလား သေချာအောင် ဖုန်းပြန်ဆက်ပေးပါတယ်။ ဖြစ်တာသေချာရင် ကျွန်တော်တို့ဆီက အရင် စက်တွေ၊ လူတွေလွှတ်ပြီးတော့ ကူညီကယ်ဆယ်ရေး အမြန်ဆုံးလုပ်ပေးပါတယ်” လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘေးဒုက္ခအန္တရာယ်တွေကို ခေတ်နဲ့အညီ ICT နည်းပညာအသုံးပြုပြီး မီးသတ်ဦးစီးဌာနကို အချိန်နဲ့တပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံနိုင်ဖို့၊ အကူအညီတောင်းခံလာတဲ့ သတင်းပေးပို့ချက်တွေကို မီးသတ်ဦးစီးဌာနမှ အချိန်နဲ့တပြေးညီ တုံ့ပြန် ဆောင်ရွက်နိုင်ဖို့၊ မီးသတ်ဦးစီးဌာနရဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အားကိုး ယုံကြည်မှုရရှိနိုင်စေဖို့၊ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရာမှာ ICT နည်းပညာနဲ့ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး 191 Report App ကို ရေးဆွဲထားခြင်းဖြစ်ကာ လက်ရှိမှာ Google Play store နဲ့ Apple Store တို့မှာ အဆင့်မြှင့်တင် အသုံးပြုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ 191 Report App အသုံးပြုတဲ့အခါ အခက်အခဲတွေရှိရင် (ဒါမှမဟုတ်) အကြံပြုလိုတာတွေရှိရင် တုံ့ပြန်ရေးသားပေးဖို့ မီးသတ်ဦးစီးဌာနက အသိပေးထားပြီး ပေးပို့လာတဲ့ အကြံပြုချက်တွေနဲ့ပတ်သက်လို့ အက်ပလီကေးရှင်း ထပ်မံ အဆင့်မြှင့်တင်ချိန်မှာ အလေးအနက်ထား ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo -MFSD
#voiceofmyanmar #VOM #မီးသတ်ဦးစီးဌာန #191ReportApp

Related posts

Leave a Comment

VOM News

FREE
VIEW