ဂန့်ဂေါမြို့နယ်ထဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လူပေါင်း ၄၀ ကျော် သေဆုံး

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃
SP ( VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် (မြောက်ပိုင်း) လက်ပံကျေးရွာနဲ့ သာကောင်းကျေးရွာအရှေ့ဘက် ၊ အလောင်းတော်ကဿပ တောထဲမှာ မနေ့ စက်တင်ဘာ ၂၇ ရက်က ထိတွေ့တိုက်ပွားတွေဖြစ်ပွားပြီး သေဆုံးဒဏ်ရာရတာတွေဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” အရှေ့တောင်ဘက်က တောထဲမှာ ၂၆ ရက်ကတည်းက စဖြစ်တာပါ ၊ လေယာဥ်နဲ့ ဗုံးကျဲပစ်ခတ်တယ်လို့ ကြားရတယ် ၊ နေရာမှာပဲ သေဆုံးသူ ၄၀ ကျော်တယ် ၊ ဒဏ်ရာရတဲ့သူတွေလည်းများတယ် ၊ အဲ့ဒီထဲက မြင်းဇာရွာ ဆေးခန်းမှာ ၅ ယောက်ထပ်သေတယ် ” လို့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ နီးစပ်တဲ့ လက်ပံရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မြင်းဇာရွာနဲ့ ကန်ရွာအကြားမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ထိတွေ့မှုတွေ ဖြစ်တယ် ၊ အခုဖြစ်တဲ့နေရာဟာ လက်ပံရွာရဲ့ အရှေ့ဘက် သစ်တောကြိုးဝိုင်းဘက်မှာ ဖြစ်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့ ၊ မြို့သစ်ရပ်ကွက်ထဲမှာ ကင်းလှည့်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တွေ ပစ်ခံရလို့ ၄ ယောက်သေ ၊ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်၊ အဲ့ဒီအပြင် ပြီးခဲ့တဲ့ စက် တင်ဘာ ၂၂ ရက် မနက်အစောပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့ ၊ မေတ္တာမြိုင် ရပ်ကွက် ၊ မြို့နယ် စုပေါင်းရုံးနားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး နဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ခြေရာတော်ကျေးရွာနားမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က စစ်ကြောင်းအဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီး ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဝင် ၂၅ ယောက် သေဆုံးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဂန့်ဂေါ

Related posts

Leave a Comment

VOM News

FREE
VIEW