ပေါက်မြို့နယ်မှာ ဆန်ပြတ်လပ်မှုကြောင့် ကြွေဥတွေကို ထမင်းအဖြစ် စားသုံးနေရသူတွေရှိလာ

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ဇီးပြားကျေးရွာမှာ ဆန်ပြတ်လပ်မှုတွေကြုံရပြီး ၊ ထမင်းအစား ကြွေဥတွေကို စားသောက်နေရတယ်လို့ ဇီးပြားရွာခံတွေဆီက သိရပါတယ်။

” ရွာမှာက အိမ်ခြေ ၂၆၂ အိမ်ရှိတယ် ၊ သုံးလကျော် လေးလနီးပါးရှိပြီ ဆန်ပြတ်လပ်မှု နဲ့ ရင်ဆိုင်နေရတာဖြစ်တယ် ၊ စားသောက်ကုန်တွေ ပြတ်လပ်နေတဲ့အတွက် ထမင်းအစား ၊ တောထဲမှာရှိတဲ့ ကြွေဥတို့ တခြား သစ်သီး သစ်ရွက်တွေ ရှာပြီးစားနေရတယ် ၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း တောထဲမှာ သစ်သီးဟင်းရွက်သွားရှာတဲ့ ကိုဖိုးချိုနဲ့ ကိုခင်မောင်အေး ဆိုသူ ၂ ယောက် ဖမ်းဆီးသတ်ဖြတ်ခံရတယ် ၊ ရွာမှာက စားဝတ်နေရေး အရမ်းခက်ခဲနေတာကြောင့် ရွာက ရှိတဲ့ ကျွဲနွား ဆိတ် ဝက် ကြက်တွေကို သတ်ပြီး မျှတစားရတယ် ၊ အဲ့ဒါကြောင့် အိမ်မွေးတိရစ္ဆာန်တွေ ကုန်သလောက်ဖြစ်နေပြီ ” လို့ ဇီးပြားရွာခံတယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဇီးပြားရွာခံတယောက်ကလည်း ” ကျွန်တော်တို့ရွာကို ပြည်သူ့စစ်နဲ့ ပတ်သက်တဲ့ရွာဆိုပြီး ရွာကို ပိတ်ဆို့ ဖြတ်တောက်ထားတယ် ၊ ရွာကလူတွေ အလုပ်ထွက်မလုပ်ရဘူး ၊ စျေးဝယ်ထွက်ခွင့်လည်းမရှိဘူး ၊ ရွာမှာက လူဝင် လူထွက် စောင့်ကြည့်ခံနေရတယ် ၊ ရွာအပြင်ထွက်လာတဲ့သူဆိုရင် ဖမ်းဆီးသတ်ဖြတ်ခံရတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ပေါက်မြို့နယ်မှာ ဇီးပြားကျေးရွာအပြင် အခြားရွာတွေမှာလည်း ဆန်ဝယ်မစားနိုင်ကြလို့ ဒေသတွင်းမှာရှိတဲ့ ကြွေဥတွေ ၊ သစ်သီး သစ်ဖုတွေ ၊ ဟင်းသီး ဟင်းရွက်တွေကို ထမင်းအဖြစ် စားသုံးနေရတယ်လို့ သိရပါတယ်။

အဲ့ဒီ အပြင် ပေါက်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း လူ ၂၀၀ ကျော် အသတ်ခံထားရပြီး ကျေးရွာတချို့ မီးရှို့ဖျက်စီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ ၊ ဇီးပြားရွာခံတဦး

#voiceofmyanmar #VOM #ပေါက် #ဇီးပြား

Related posts

Leave a Comment

VOM News

FREE
VIEW