လာမယ့် ပွင့်လင်းရာသီမှာ မြန်မာ့ခရီးသွားကဏ္ဍ အဆင်ပြေလာနိုင်မလား

SN (VOM)
 
“မီးခိုးမထွက်တဲ့ စက်ရုံ”လို့ တင်စားခေါ်ဝေါ်ကြတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက တိုးတက်မှု များစွာရှိခဲ့တာကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ အလားအလာအကောင်းဆုံး နိုင်ငံတွေထဲမှာ ထိပ်ဆုံးက သတ်မှတ်ခဲ့ပါတယ်။
 
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အနေနဲ့ ၂၀၁၉ ခုနှစ်၊ တနှစ်တာကာလအတွင်း တိုးတက်မှုနဲ့ အလားအလာအရှိဆုံး နိုင်ငံတွေစာရင်း ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံဟာ တိုးတက်မှုရာခိုင်နှုန်း ၄၀ ကျော်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်မှာ ပွာတိုရီကို၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ မွန်တီနီဂရိုး၊ အီဂျစ်၊ ဗီယက်နမ် အစရှိတဲ့ နိုင်ငံတွေက အစဉ်လိုက် ရပ်တည်ခဲ့ကြတာပါ။
 
ဒါပေမယ့်လည်း နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ် (၁၉) ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံတကာခရီးသွားလုပ်ငန်းတွေနည်းတူ မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍဟာလည်း ထိခိုက်မှုတွေများခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိခဲ့ရာက ပြည်ပမှ ဝင်ရောက်တဲ့ ခရီးသွားတွေကို ကန့်သတ်ချက်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
 
အဲ့ဒီနှစ် ကာလအပိုင်းအခြားတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှုကြောင့် ကမ္ဘာတစ်ဝန်းမှာ ခရီးသွားလာခြင်းတွေ ရပ်ဆိုင်းခဲ့သလို လေကြောင်းခရီးသွားတွေဟာလည်း ၆ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့တယ်လို့ ကုလသမဂ္ဂ လေကြောင်းအေဂျင်စီက ပြောထားပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့အစည်း (ICAO)ကလည်း ၂၀၂၀ ပြည့်နှစ်မှာ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ခရီးသွားအရေအတွက် ၁ ဒသမ ၈ ဘီလီယံရှိတယ်လို့ သိရပါတယ်။ ဒီအရေအတွက်ဟာ ၂၀၁၉ ခုနှစ်ရဲ့ ခရီးသွားအရေအတွက် ၄ ဒသမ ၅ ဘီလီယံရှိခဲ့ရာကနေ လျော့ကျသွားခြင်းဖြစ်တယ်လို့လည်း လေ့လာမှုမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
 
၂၀၂၀ ပြည့်နှစ်မှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကဏ္ဍရဲ့ နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု ၇၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရတယ်လို့ သိရပါတယ်။ ကမ္ဘာ့လှည့် ခရီးသွားဧည့်သည် ဝင်ရောက်မှုအခြေအနေတွေကို ပြန်ကြည့်ရင်လည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ပြည်တွင်းကို နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု ၃၉၃၀၁၅၀ ဦး ရှိခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာလအတွင်းမှာတော့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုဟာ ၈၈၉၇၄၂ ဦးသာ ရှိခဲ့တာကြောင့် ၃၀၄၀၄၀၈ ဦးအထိ လျော့နည်းခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီ့လို ခရီးသွားဧည့်သည်တွေ လျော့နည်းခဲ့တာကြောင့် ခရီးသွားလုပ်ငန်းတွေ ထိခိုက်ခဲ့ရပြီး အဲ့ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြသူတွေ အပါအဝင် ခရီးသွားလုပ်ငန်းတွေကို မှီခိုနေသူဦးရေ ၂ သန်းခန့် ထိခိုက်ခဲ့ရတယ်လို့ သိရပါတယ်။
 
ဟိုတယ်လုပ်ငန်းတွေဟာ ခရီးသွားဧည့်သည်တွေ အလာနည်းသွားတာကြောင့် ရပ်တည်မှုခက်ခဲလာတဲ့အပြင် ဘဏ်အတိုး၊ ဟိုတယ်အခန်းတွေ ထိန်းသိမ်းစရိတ်၊ ဝန်ထမ်းလစာ၊ လျှပ်စစ်မီတာခ အပါအဝင် အစိုးရ အခွန်အခတွေ အစရှိတဲ့ ကုန်ကျစရိတ်ဝန်တွေကို ထမ်းနေရတာကြောင့် ဟိုတယ်ပိုင်ရှင်တွေဟာလည်း ရေရှည်မှာ ဆက်လက် တောင့်ခံနိုင်မှုမရှိတော့ဘဲ ဝန်ထမ်းလစာနဲ့ ဝန်ထမ်းတွေ လျှော့ချခြင်းအပြင် နောက်ဆုံးအဆင့် ဟိုတယ်ကို ပြန်လည်ရောင်းချတဲ့အထိ လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။
 
“နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ခရီးသွားကဏ္ဍက လုပ်သားတွေ တော်တော်များများ အလုပ်လက်မဲ့ဖြစ်ကုန်တယ်။ တချို့ ဟိုတယ်လုပ်ငန်းတွေက သူတို့ရဲ့လုပ်ငန်းတွေ ရေရှည် ဟန်မပျက် ရပ်တည်နိုင်ဖို့အတွက် လုပ်သားဦးရေ လျှော့ချတာ၊ လစာလျှော့တာတွေ ရှိလာတာကိုး။ အဲ့ဒါကြောင့် ခရီးသွားလုပ်ငန်းက ကျွမ်းကျင်လုပ်သား တော်တော်များများ အလုပ်လက်မဲ့ဖြစ်ကုန်ကြတယ်။ တချို့လည်း ပြည်ပထွက်တဲ့သူကထွက်၊ တချို့ကျတော့လည်း ပြည်တွင်းမှာပဲ တခြားလုပ်ငန်း ပြောင်းလုပ်တဲ့သူကလုပ်နဲ့ပေါ့။ ဒါကြောင့် နောက်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေ ပြန်စနိုင်ခဲ့ရင်တောင် ကျွမ်းကျင်လုပ်သား ရှားပါးတဲ့ အခက်အခဲကို ရင်ဆိုင်ရနိုင်တယ်” လို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။
 
ကိုဗစ် (၁၉) ကူးစက်မှုတွေကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်ရင် ခရီးသွားလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်မယ်လို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက မျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့်လည်း အဲ့ဒီ့နောက်မှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခဲ့တာကြောင့် နိုင်ငံအတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့တဲ့အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းဟာ ၂၀၂၁ ခုနှစ်ကစလို့ ကျဆင်းသွားခဲ့ပြီး အခုအချိန်အထိ ပုံမှန်အခြေအနေဆီ ပြန်ရောက်မလာသေးပါဘူး။
 
ဒါပေမယ့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီး တစ်နှစ်ကျော် ကြာလာချိန်မှာတော့ ပြည်တွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လည် လည်ပတ်လာခဲ့တာကို တွေ့ရပြီး အထူးသဖြင့် လူအများ စိတ်လက်ပေါ့ပါးစေမယ့် ကမ်းခြေလိုနေရာမျိုးတွေ၊ တောင်ကုန်းတောင်တန်းတွေနဲ့ ဘုရားဖူးခရီးစဥ်တချို့ကို သွားရောက်ကြသူတွေ ရှိလာပြီး ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်လာခဲ့ပါတယ်။
 
“ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ပွင့်လင်းရာသီ ခရီးသွားရာသီချိန်တုန်းကတော့ ပြည်တွင်းခရီးသွားလုပ်ငန်းက အနည်းငယ်လောက်တော့ ပြန်လည်ပတ်လာပြီလို့ ပြောလို့ရတယ်။ အဓိကကတော့ ပြည်တွင်း ခရီးသွားတွေပေါ့။ ပြည်ပကတော့ ကျွန်တော်တို့ မျှော်လို့သိပ်မရသေးဘူး။ ပြည်တွင်းခရီးသွားတွေကျတော့လည်း အိမ်ထဲမှာနေရတာ ကြာလာတာ၊ ခရီးမသွားရတာ ကြာလာတော့ အနည်းအကျဉ်း သွားလာမှုလေးတွေ ပြန်လုပ်လာကြတယ်။ ဒါပေမယ့် ရာနှုန်းပြည့် လည်ပတ်နိုင်တဲ့အဆင့်အထိ၊ ပုံမှန်အခြေအနေအထိ မရောက်သေးဘူး”လို့ သူက ပြောပါတယ်။
 
ဒါ့အပြင် ခရီးသွားလာမှု ကုန်ကျစရိတ်အနေနဲ့လည်း အရင် ကိုဗစ်မဖြစ်ခင်ကာလမှာ ရှိခဲ့တဲ့ စရိတ်နဲ့ နှိုင်းယှဉ်ရင် မျှခြေရှိနေတာကြောင့် ပြည်တွင်းမှာ ခရီးသွားလာမှု ပြန်ရှိလာတာ ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။
 
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ အခု ၂၀၂၃ ခုနှစ်အထိ ခရီးသွားလာမှု ပိုမိုများပြားလာခဲ့ရာမှာ ကမ်းခြေ၊ အင်းလေး၊ ကလောနဲ့ ပုဂံဒေသတွေဆီ သွားရောက်လည်ပတ်သူ များပြားနေတယ်လို့ သိရပါတယ်။
 
အခုကာလမှာ အပန်းဖြေခရီး သွားလာသူတွေဟာ စိတ်မွန်းကြပ်မှုတွေကို ဖြေလျော့လိုသူတွေနဲ့ ငွေကြေးပြေလည်သူတွေသာ သွားလာကြပြီး အများစုမှာ အပိုငွေကြေး အကုန်ကျမခံနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
 
“အခုက ပြေလည်တဲ့သူနဲ့ ခရီးမသွားရတာကြာလို့၊ မွန်းကြပ်လာလို့ စိတ်ထွက်ပေါက် ရှာတဲ့သူလောက်ပဲ သွားကြတယ်။ သွားပြန်တော့လည်း ခရီးသွားတွေက များသောအားဖြင့် အရင်ကထက် ဖြုန်းအားနည်းသွားတယ်။ အဲ့တော့ သူတို့ကိုအမှီပြုနေရတဲ့ ဟိုတယ်လုပ်ငန်းတွေ၊ ခရီးသွားကုမ္ပဏီတွေ၊ ဈေးသည်တွေ၊ မြင်းလှည်းမောင်းသူတွေ စသဖြင့်ပေါ့။ ကဏ္ဍအသီးသီးကနေ ဒီခရီးသွားလုပ်ငန်းကို အမှီပြုနေရသူအားလုံးက ထင်သလောက် အလုပ်မဖြစ်ကြတော့ဘူး။ အဲ့ဒါကြောင့် ရေရှည် ရပ်တည်နိုင်ဖို့ ခက်ခဲလာလို့ လုပ်ငန်း ရပ်နားလိုက်ရတဲ့သူတွေလည်း ရှိတယ်”လို့ ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
 
ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းဟာ ရပ်တန့်လုနီးပါး ဖြစ်သွားပြီး ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေကြတဲ့ ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်း၊ ခရီးသွားလာရေအေးဂျင့်တွေ၊ ဧည့် လမ်းညွှန်တွေကအစ အောက်ခြေရှိ မြင်းလှည်းမောင်းသူ၊ သုံးဘီးမောင်းသူ၊ ဈေးသည်တွေအပါအဝင် ခရီးသွားလုပ်ငန်းကို မှီခိုနေကြရသူတွေအားလုံး ဝင်ငွေရရှိမှု နည်းပါးလာတဲ့အတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
 
“ကိုဗစ်ကြောင့် နားရတဲ့အချိန်ကစပြီး အခုထိ အလုပ် လုပ်ရတာ အဆင်မပြေတော့တာ။ ကျွန်‌တော်တို့ မြင်းလှည်းမောင်းသမားတွေက ဧည့်သည်ဝင်မှ အဆင်ပြေကြတာလေ။ အခုကတော့ ဧည့်သည်တွေအလာကြဲသွားလို့ စားဖို့အတွက်တောင် အတော်ကို ရုန်းကန်နေရတယ်။ ပြီးခဲ့တဲ့နှစ်က သီတင်းကျွတ်ကလည်း ခရီးသည်တွေ ဝင်လာတယ်ဆိုပေမယ့် မျှော်မှန်းသလောက်တော့ မများခဲ့ဘူး။ နိုင်ငံခြားသားတွေတော့ မရှိ သလောက်ကို နည်းခဲ့တယ်။ အခုလာမယ့် သီတင်းကျွတ်၊ တန်ဆောင်တိုင်မှာတော့ ကိုယ့်ပြည်တွင်းက ခရီးသွားတွေပဲ လာကြပါစေလို့ မျှော်လင့်နေရတာပဲ” ဟု ပုဂံဒေသက မြင်းလှည်းမောင်းသူတဦးက ပြောပါတယ်။
 
ဒါ့အပြင် ခရီးသွားအေးဂျင့်တွေ၊ ဧည့်လမ်းညွှန်တွေအနေနဲ့လည်း ဒေသတွင်း မငြိမ်းချမ်းမှုတွေကြောင့် ဥရောပနိုင်ငံတွေ၊ အင်္ဂလန်၊ အမေရိကန်၊ နော်ဝေ၊ ဂျာမနီ စတဲ့ နိုင်ငံကြီးတွေဆီက ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံအတွင်း လာရောက်လည်ပတ်ဖို့ မျှော်လင့်စရာ မရှိတော့တဲ့အတွက် ဆက်လက် ရပ်တည်ဖို့ မလွယ်ကူတော့တာကြောင့် လုပ်ငန်းဖျက်သိမ်းသွားသူတွေ များလာတယ်လို့ သိရပါတယ်။
 
လက်ရှိအချိန် တချို့နေရာတွေမှာ ပြည်ပခရီးသွားတွေကို မျှော်လင့်ဖို့ မဆိုထားနဲ့ နယ်မြေအေးချမ်းမှုမရှိခြင်း၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်လာခြင်း၊ အလုပ်အကိုင်၊ ဝင်ငွေရရှိမှု မလောက်ငှခြင်း စတဲ့ အချက်တွေကြောင့် ပြည်တွင်းခရီးသွားတွေပါ လျော့နည်းနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါ့ကြောင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ခရီးစဉ် Package ဈေးနှုန်းတွေကို လျှော့ချ ရောင်းကာ ခရီးသွားတွေကို ဆွဲဆောင်နေရတဲ့ အနေအထားမျိုးဖြစ်နေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေနဲ့လည်း ခရီးသွားကဏ္ဍ မြှင့်တင်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က မြန်မာနိုင်ငံအတွင်း လည်ပတ်သင့်တဲ့ ခရီးစဉ်ဒေသ (၁၄)ကို အကြံပြု ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲ့ဒီ့ အကြံပြုချက်မှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ အပါအဝင် ရှမ်းပြည်နယ်က ပြင်ဦးလွင်၊ ကလော-တောင်ကြီး၊ အင်းလေး၊ ကချင်ပြည်နယ်က ပူတာအို၊ ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ မာန်အောင်၊ တနင်္သာရီတိုင်းက ကော့သောင်းနဲ့ ကမ်းခြေတွေဖြစ်တဲ့ ငွေဆောင်၊ ချောင်းသာ၊ ငပလီတို့ကို သွားလာလည်ပတ်သင့်တဲ့ နေရာတွေအဖြစ် ထည့်သွင်းဖော်ပြထားပါတယ်။
 
ဗြိတိန်အစိုးရက သူ့ရဲ့နိုင်ငံသားတွေကို လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားလျက်ရှိနေတဲ့ မြန်မာနိုင်ငံအတွင်းက မွန်၊ ကရင်၊ ကယား၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်းဒေသကြီး စတဲ့ ဒေသတွေဆီကို ခရီးမသွားကြဖို့နဲ့ မြန်မာနိုင်ငံရှိ လုံခြုံရေးအခြေအနေဟာ မှန်းဆလို့မရနိုင်တဲ့အပြင် သတိပေးမှုမရှိဘဲ ပြောင်းလဲလွယ်တဲ့သဘော ရှိနေတယ်လို့ ထုတ်ပြန် သတိပေးထားပါတယ်။ အဲ့ဒီ့ တားမြစ်ချက် ထုတ်ပြန်ပြီးနောက်မှာ မြန်မာနိုင်ငံအတွင်း လည်ပတ်သင့်တဲ့နေရာတွေကို နစက က ထုတ်ပြန် အသိပေးလိုက်တာ ဖြစ်ပါတယ်။
 
ဒါပေမယ့် နစကရဲ့ အသိပေးချက်မှာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာများစွာ ပိုင်ဆိုင်ထားတဲ့ ကရင်၊ ကယား၊ ချင်း၊ မွန်၊ စစ်ကိုင်း၊ မကွေး စတဲ့ ပြည်နယ်နဲ့ တိုင်းအချို့က ခရီးသွားဒေသတွေကိုတော့ လက်နက်ကိုင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေတာကြောင့် ခရီးသွားအကြံပြုချက်စာရင်းကနေ ချန်လှပ်ထားတာကို တွေ့ရပါတယ်။
 
မြန်မာပြည်မှာ ကိုဗစ်ကာလ မတိုင်ခင်က ပြည်တွင်းခရီးသွား အရေအတွက်က နှစ်စဉ် ၁၀ သန်းဝန်းကျင် ရှိခဲ့ပြီး ပြည်ပခရီးသွား ဧည့်သည်က ၄ သန်းကျော်အထိ ရှိခဲ့ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားက ထုတ်ပြန်ထားတဲ့အထဲမှာ ရှမ်းပြည်တောင်ပိုင်းက ဒေသတချို့ ပါဝင်ပေမယ့် လက်တွေ့မှာတော့ နေရာတချို့ကိုပဲ နိုင်ငံခြားသားတွေ သွားလာလို့ရတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဥပမာ ဓနုဒေသက ပင်းတယနဲ့ ရွာငံလို နေရာတွေကို ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းကစလို့ နိုင်ငံခြားသား ညအိပ်သွားလာခွင့် မပေးသေးပါဘူး။
 
ဒါပေမယ့် နစကအနေနဲ့ကတော့ မြန်မာ့ခရီးသွားကဏ္ဍ ပြန်လည် အသက်ဝင်လာနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းနေပြီး ဒီ့အတွက် လာမယ့် ပွင့်လင်းရာသီကာလအတွင်း ကမ္ဘာလှည့်ခရီးသွားတွေ လွယ်ကူစွာ လာရောက် လည်ပတ်နိုင်စေဖို့ ပြည်ဝင်ခွင့်ဗီဇာစနစ်နဲ့ ကျန်းမာရေးဆိုင်ရာ ကန့်သက်ချက်တွေကို ဖြေလျော့ပေးနိုင်အောင်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အခုနှစ် ကာလအပိုင်းအခြားတွေမှာ မြန်မာ့ခရီးသွားလုပ်ငန်းတွေ ကောင်းမွန်လာဖို့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းလမ်းညွှန် Myanmar Tourism Strategic Recovery Roadmap (MTSRR) (၂၀၂၁- ၂၀၂၅) ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ရေးဆွဲထားတယ်လို့ သိရပါတယ်။ အဲ့ဒီ့ လမ်းညွှန်မှာဆိုရင် ကိုဗစ်ကာလ ခရီးသွားလုပ်ငန်း ပြန်လည်ကုစားမှုအစီအစဉ်လည်း ပါဝင်တယ်လို့ သိရပါတယ်။
 
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ အဲ့ဒီ့လမ်းညွှန်ကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲချမှတ်ထားတဲ့ မဟာဗျူဟာအစီအစဉ် (၆) ရပ်နဲ့ ပုဂ္ဂလိကကဏ္ဍမှ ရေးဆွဲထုတ်ပြန်ထားတဲ့ ခရီးသွားလုပ်ငန်း ပြန်လည် စတင်ရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်များစာတမ်း (White Paper)အပေါ် အခြေခံရယူကာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေကို စစ်တမ်းကောက်ယူပြီး ရရှိလာတဲ့ ရလဒ်တွေကို အခြေခံကာ ရေးဆွဲခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
 
ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ အခု ၂၀၂၃ ခုနှစ်အတွင်းမှာ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်နဲ့ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့ ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်တဲ့ လုပ်ငန်းတွေကို ဝိုင်းဝန်းညှိနှိုင်း ဖော်ထုတ်နိုင်ဖို့ ခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲတရပ်ကိုလည်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့”အတွက် အထိမ်းအမှတ်အခမ်းအနားကိုလည်း နေပြည်တော်၊ MICC (ll)မှာ ခရီးသွားပြခန်းတွေနဲ့ ပြပွဲ၊ ပြိုင်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီအခမ်းအနားကတဆင့် မြန်မာ့ခရီးစဉ်နေရာဒေသတွေကို မိတ်ဆက်ခဲ့တယ်လို့လည်း သိရပါတယ်။
 
အဲ့ဒီ့ အခမ်းအနားမှာ နစကဥက္ကဋ္ဌက အခုနှစ်အတွင်း ပြည်ပကနေ ခရီးသွား ဝင်ရောက်မှု ၆ သိန်းကျော်ရှိပြီး အရင်နှစ်ထက် ၆ ဆ တိုးလာတယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပြန်လည်စတင် ပြေးဆွဲခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် e-visa ကို မေ ၂၀ ရက်က စတင်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ့နှစ်အတွင်း လေဆိပ်၊ ရေဆိပ်နဲ့ နယ်စပ် ဝင်ပေါက်အသီးသီးမှ ပြည်ပခရီးသွားဦးရေ (၂) သိန်းဝန်းကျင် ဝင်ရောက်ခဲ့ရာ ၂၀၂၁ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့တယ်လို့ သူက ပြောပါတယ်။
 
“အခုလို ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဇူလိုင်လအထိ နိုင်ငံတကာခရီးသွားဧည့်သည် (၆) သိန်းကျော်ဝင်ရောက်ခဲ့ပါတယ်။ အရင်နှစ်ကာလတူက (၁) သိန်းကျော်သာ ဝင်ရောက်ခဲ့တာကြောင့် (၆) ဆခန့် တိုးတက်လာတာကို တွေ့ရပါတယ်” လို့ နစကဥက္ကဋ္ဌက ပြောပါတယ်။
 
နိုင်ငံတော်အစိုးရအနေနဲ့ စီးပွားရေး ပြန်လည် ဦးမော့လာစေဖို့အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိပြီး ခရီးသွားလုပ်ငန်းကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ကာ အဲ့ဒီ့လို ဆောင်ရွက်ရာမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ တိုးတက်လာစေဖို့ မဟာဗျူဟာလုပ်ငန်း စီမံချက်တွေ ရေးဆွဲဆောင်ရွက်ထားတဲ့အတွက် အခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ခရီးသည်ရောက်ရှိမှု ပိုမိုတိုးတက် များပြားလာမယ်လို့လည်း ပြောဆိုထားပါတယ်။
 
“မကြာတော့မယ့် ကာလတခုမှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ကိုဗစ်(၁၉)ရောဂါ မတိုင်မီကာလ အခြေအနေကို ပြန်လည်ရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ခရီးသွားလုပ်ငန်း ဆောင်ရွက်သူတွေအနေနဲ့လည်း ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်တဲ့ “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေးမှုနဲ့အညီ မြန်မာနိုင်ငံရဲ့ အနာဂတ်ခရီးသွားလုပ်ငန်း စနစ်တကျနဲ့ ရေရှည်တည်တံ့စေဖို့ အားလုံးလက်တွဲ ဆောင်ရွက်ကြရမှာဖြစ်တယ်”လို့လည်း နစကဥက္ကဋ္ဌက ပြောပါတယ်။
 
အဲ့ဒီ့လို နစကအနေနဲ့ အဖက်ဖက်ကနေ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာဖို့အတွက် ဆောင်ရွက်နေတာကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းဟာ ပြန်လည်ဖွံ့ဖြိုးစ ပြုလာပြီလားဆိုတာ မျှော်မှန်းတွေးထင်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ ဒေသတွင်း မတည်မငြိမ်မှုတွေကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းဟာ ထင်သလောက် ခရီးမပေါက်သေးဘူးလို့လည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဧည့်လမ်းညွှန်တွေက သုံးသပ်ထားကြပါတယ်။
 
“ပြည်တွင်းက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ပြည်ပခရီးသွားတွေက မြန်မာနိုင်ငံကို သွားလာလည်ပတ်ဖို့ တွန့်ဆုတ်နေကြတယ်။ ဒါ့အပြင် မြန်မာပြည်တွင်းမှာ ခရီးသွားတဲ့အခါ လုံခြုံရေးအရ စစ်ဆေးမှုတွေကို အထပ်ထပ် ပြုလုပ်ရသလို ညမထွက်ရအမိန့်တွေ၊ ဒေသန္တရအမိန့်တွေ ထုတ်ထားတာတွေကြောင့်လည်း ဒါတွေက ပြည်ပခရီးသွားတွေကို အဟန့်အတား ဖြစ်စေတယ်။ ရုတ်တရက် ပြောင်းလဲသွားနိုင်တဲ့ အခြေအနေတွေ၊ ကြိုတင်တွက်ဆ ခန့်မှန်းလို့မရနိုင်တဲ့ အနေအထားတွေကြောင့် ပြည်ပဧည့်သည်တွေ မြန်မာပြည်ကို လာဖို့ တွန့်ဆုတ်နေကြတာပါ။ ဒါကြောင့် ဒီ ၂၀၂၃ ခုနှစ်ကို မြန်မာ့ခရီးသွားလုပ်ငန်း ပြန်ကောင်းလာနိုင်တယ်လို့ တချို့က တွက်ဆထားပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ထင်သလောက် ခရီးမပေါက်နိုင်သေးဘူးလို့ ယူဆတယ်။ လာမယ့် ပွင့်လင်းရာသီမှာလည်း ပြည်တွင်းခရီးသွား အနည်းအကျဉ်းလောက်ကိုပဲ မျှော်လင့်လို့ ရနိုင်မယ်။ ခရီးသွားလုပ်ငန်းတွေ အရင်လို ပြန်ကောင်းဖို့ကတော့ အချိန်တခု စောင့်ရလိမ့်ဦးမယ်”လို့ ဧည့်လမ်းညွှန်တဦးက ပြောပါတယ်။
 
နစကအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သီတင်းကျွတ်ကာလတုန်းကလည်း ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ လူစည်ကားအောင် ပြုလုပ်ပေးခဲ့ပေမယ့် လုံခြုံရေးအခြေအနေတွေကြောင့် ဟိုအရင် နှစ်တွေကလောက် စည်ကားမှုမျိုး မရှိခဲ့ပါဘူး။ ဒါ့ကြောင့် နိုင်ငံရေးတည်ငြိမ်မှုနဲ့ လုံခြုံရေး အာမခံချက်ရှိမှသာ ခရီးသွားလုပ်ငန်း ပြန်လည်အောင်မြင်နိုင်မယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက သုံးသပ်ထားကြတာ ဖြစ်ပါတယ်။
 
လက်ရှိမှာလည်း နစကအနေနဲ့ (၃) နှစ်ကြာ မကျင်းပဖြစ်ခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်ကို အခုနှစ်မှာ ပြန်လည်ကျင်းပဖို့ ပြင်ဆင်နေပြီး လာမယ့် နိုဝင်ဘာလ (၂၁) ရက်မှ (၂၇) ရက်အထိ (၇) ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းမှာ ပြန်လည် ကျင်းပသွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း) ရိုးရာမီးပုံးပျံပညာရှင်များအသင်းဆီက သိရပါတယ်။
 
“မီးပုံပျံပွဲတော်ကို ပြန်လည်ကျင်းပရခြင်းဟာ ရိုးရာအစဥ်အလာတွေ မပျောက်ပျက်စေရေးနဲ့ တိုင်းရင်းသား လူမှုစီးပွားရေးတွေကို ပြန်လည်မြှင့်တင်စေရေးအပြင် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းတွေကို ဖော်ဆောင်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ နေ့ပိုင်းမှာ ခြေ (၂) ချောင်း၊ ခြေ (၄) ချောင်းနဲ့ အရုပ်အုပ်စုမီးပုံးပျံတွေကို လွှတ်တင်သွားမှာ ဖြစ်ပြီး ညပိုင်းမှာတော့ ညမီးကြီးမီးပုံးပျံနဲ့ စိန်နားပန်မီးပုံပျံတွေကို လွှတ်တင်သွားမှာပါ။ ဒီပွဲတော်မှာ ပါဝင်မယ့် စုစုပေါင်း မီးပုံးပျံအရေအတွက်ကိုတော့ နိုဝင်ဘာ ၂၁ ရက်မတိုင်မီ ထပ်မံထုတ်ပြန်ပေးသွားမှာပါ”လို့ ရှမ်းပြည်နယ် (တောင်ပိုင်း) ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ ပွဲတော်တွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်ကနေ လာရောက်ဆင်နွှဲကြတဲ့အပြင် ပြည်ပဧည့်သည်တွေ အထူးစိတ်ဝင်တစား လာရောက်လေ့ရှိတဲ့ ပွဲတော်တခုလည်းဖြစ်ပါတယ်။ အစဥ်အလာအားဖြင့် ကျော်ကြားတဲ့ အဲ့ဒီ့ မီးပုံပျံပွဲဟာ ပွဲစျေးသည်တွေအပြင် ဒေသခံတွေအတွက် အလုပ်အကိုင်နဲ့ ဝင်ငွေအခွင့်အလမ်းများစွာ ဖန်တီးပေးသလို ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေအတွက်လည်း ခရီးစဥ် သီးသန့်ရေးဆွဲဖော်ဆောင်ရတဲ့ အထင်ကရ ခရီးသွားနေရာတခုလည်း ဖြစ်ပါတယ်။
 
အဲ့ဒီ့ မီးပုံးပျံပွဲတော်ကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကျင်းပခဲ့တာပါ။ ကိုဗစ် ကပ်ရောဂါနဲ့ ပြည်တွင်း မငြိမ်းချမ်းမှုတွေကြောင့် ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ (၃) နှစ်ကြာ မကျင်းပဖြစ်ခဲ့တာဖြစ်ပြီး အခု ၂၀၂၃ ခုနှစ်မှာ ပြန်လည်ကျင်းပဖို့ ပြင်ဆင်နေတာပါ။ ကိုဗစ်မတိုင်ခင်နှစ်တွေကလို အနယ်နယ်အရပ်ရပ်က ခရီးသွားတွေနဲ့ အုန်းအုန်းကျက်ကျက် ကြက်ပျံမကျပြန်လည် စည်ကားလာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမယ့် အခြေအနေပါ။
 
မြန်မာနိုင်ငံဟာ ခရီးသွားကဏ္ဍမှာ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုအနေနဲ့ ၂၀၀၃ ခုနှစ်မှစတင်ကာ ၂၀၀၆ ခုနှစ်အထိ အားကောင်းခဲ့ပြီး ၂၀၀၇ မှ ၂၀၁၁ ခုနှစ်တွင် ပြန်လည် ကျဆင်းသွားခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ခရီးသွားလာမှုဆိုင်ရာ မှတ်တမ်းတွေအရ သိရပါတယ်။ ဒါပေမယ့်လည်း ၂၀၁၂ ခုနှစ်မှ စတင်ကာ ၂၀၁၉ ခုနှစ်အထိ ပြန်လည်ပြီး အားအလွန်ကောင်းခဲ့ကာ ၂၀၁၉ ခုနှစ် တနှစ်တည်းမှာပဲ ပြည်ပခရီးသွားဝင်ရောက်မှုဟာ ၄ ဒသမ ၄ သန်းခန့်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့နှစ် ကာလအပိုင်းအခြားတွေအတွင်းမှာ ခရီးသွားလာမှုနှုန်းတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုနဲ့ ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းတွေက ရရှိတဲ့ဝင်ငွေမှာ တနှစ်ထက်တနှစ် တိုးတက်လျက်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၉ မှာ မြန်မာနိုင်ငံကို နိုင်ငံခြားဧည့်သည် အများအပြားလာရောက်ခဲ့ပြီး ဟိုတယ်/ခရီးရဲ့စာရင်းအရဆိုရင် ၄,၃၆၄,၁၀၁ (လေးသန်းကျော်) ရှိခဲ့တယ်လို့ သိရပါတယ်။
 
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ပြည်ပမှ ခရီးသွားဧည့်သည် ၇၃ ဒသမ ၈၄ ရာခိုင်နှုန်း (ဆိုက်ရောက်ခရီးသည် ၃၁၃,၁၂၇) အထိ မြင့်တက်လာခဲ့ပြီး လေကြောင်းမှ ၆၉ ဒသမ ၂၆ ရာခိုင်နှုန်း၊ ကုန်းလမ်းမှ ၂၉ ဒသမ ၉၇ ရာခိုင်နှုန်းနဲ့ ရေကြောင်းခရီးမှ ၀ ဒသမ ၇၇ ရာခိုင်နှုန်းအထိ ဝင်ရောက်ခဲ့တယ်လို့လည်း ခရီးသွားလာမှုဆိုင်ရာ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင်၂၀၁၂ ခုနှစ်အတွင်းမှာ ခရီးသွားလုပ်ငန်းကနေ အမြတ်ငွေ ဒေါ်လာ ၅၃၄ သန်းအထိ တိုးတက်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
 
ပြီးခဲ့တဲ့နှစ် အပိုင်းအခြားတွေရဲ့ ခရီးသည်ဝင်ရောက်ခဲ့မှုတွေကို ပြန်ကြည့်ရင်လည်း ၂၀၁၀ ခုနှစ်မှာ ၇၉၁၅၀၅ ဦး၊ ၂၀၁၁ ခုနှစ်မှာ ၈၁၆၃၆၉ ဦး၊ ၂၀၁၂ ခုနှစ်မှာ ၁၀၅၈၉၉၅ ဦး၊ ၂၀၁၃ ခုနှစ်မှာ ၂၀၄၄၃၀၇ ဦး၊ ၂၀၁၄ ခုနှစ်မှာ ၃၀၈၁၄၁၂ ဦး ရှိခဲ့တယ်လို့ သိပါတယ်။ ဒီအချက်အလက်တွေအရ အဲ့ဒီ့နှစ် ကာလအပိုင်းအခြားတွေမှာ မြန်မာ့ခရီးသွားလုပ်ငန်းဟာ အတော်လေးကို ကောင်းမွန်ခဲ့တဲ့ အခြေအနေတရပ်မှာရှိခဲ့တယ်လို့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ ပြည်ပ ခရီးသွားဝင်ရောက်မှုဟာ ဆက်လက် ကျဆင်းလျက်ရှိတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ဟိုတယ် လုပ်ငန်းရှင်တွေက ထောက်ပြ ပြောဆိုကြပါတယ်။
 
နိုင်ငံတနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ပြည်တွင်းခရီးသွားထက် ပြည်ပခရီးသွား ဝင်ရောက်မှုများပါက နိုင်ငံရဲ့ GDP (gross domestic product) လည်း တက်တဲ့အတွက် ပြည်ပခရီးသွား ဝင်ရောက်မှုဟာ နိုင်ငံတနိုင်ငံအတွက် အလွန်အရေးပါလှပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအတွင်း ပြည်ပခရီးသွားတွေ ဝင်ရောက်လာဖို့ နည်းလမ်းမျိုးစုံနဲ့ ဆွဲဆောင်နိုင်ဖို့ လိုအပ်ပြီး ဝန်ကြီးဌာနအနေနဲ့လည်း အသင်းအဖွဲ့တွေ၊ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူတွေရဲ့ အကြံပြုမှုတွေကို နားထောင်ဖို့ လိုအပ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေက အကြံပြုပါတယ်။
 
နိုင်ငံတနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက် ကောင်မွန်ရေးဟာ အဲ့ဒီ့နိုင်ငံရဲ့ ပုံရိပ် ကောင်း၊ မကောင်း ဆိုတဲ့ အချက်အပေါ်မှာ အဓိကကျတဲ့အပြင် ဒေသတွင်း တည်ငြိမ်မှုမရှိခြင်း၊ လမ်းခရီး စစ်ဆေးရေးဂိတ်တွေ ပေါများခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာခြင်း အစရှိတဲ့ အချက်တွေဟာလည်း ခရီးသွားဧည့်သည်တွေအတွက် အတားအဆီးတွေ ဖြစ်နေတယ်လို့ ၎င်းတို့က သုံးသပ်ပါတယ်။ လမ်းပန်း ဆက်သွယ်ရေး အခြေအနေကြောင့် လမ်းကြောင်းပြောင်းလဲပြီး သွားရတဲ့အခါမှာလည်း ကုန်ကျစရိတ်တွေ ပိုများသွားတယ်လို့လည်း ထောက်ပြကြပါတယ်။ ဒါ့အပြင် ပြည်တွင်းက ပဋိပက္ခအခြေအနေ၊ စီးပွားရေးကျဆင်းမှု၊ မူခင်းရာဇာဝတ် များပြားလာမှု၊ မလုံခြုံမှုတွေကြောင့် ပြည်ပခရီးသွားတွေ လာရောက်ဖို့က ခက်ခဲနေဆဲပါ။
 
ဒါ့ကြောင့် မြန်မာနိုင်ငံအနေနဲ့ လာမယ့် ပွင်းလင်းရာသီမှာ ပြည်ပခရီးသွားတွေထက် ပြည်တွင်း ခရီးသွားတွေကိုသာ မျှော်လင့်လို့ရနိုင်မယ့် အနေအထားမျိုးမှာသာ ရှိနေသေးတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ပြည်တွင်းခရီးသွားကဏ္ဍကတော့ အတိုင်းအတာတခုထိ တိုးတက်လာဖို့ ရှိနေပြီး ဝါလကင်းလွတ်ချိန် ရောက်ရင်တော့ အထိုက်အလျောက် ခရီးသွားလာကြလိမ့်မယ်လို့ ယူဆထားကြပါတယ်။ အများစုဟာ လူငယ်ခရီးသွားတွေ ဖြစ်ပြီး လုံခြုံမှုရှိတယ်လို့ထင်ရတဲ့ ဒေသတွေကိုသွားကြဖို့ များတယ်လို့ ခန့်မှန်းထားကြပါတယ်။
 
ခရီးသွားကဏ္ဍက လုပ်ငန်းတွေအနေနဲ့ လုပ်ငန်း ဆက်လက်ရပ်တည်နိုင်ဖို့၊ ရပ်ထားတဲ့ လုပ်ငန်းတွေ ပြန်စဖို့ကြိုးစားနေပေမယ့် လက်ရှိအနေအထားတွေအရ နာလန်ထူနိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းကတော့ ၂၀၂၁ ခုနှစ် မတိုင်ခင်ကာလက အခြေအနေမျိုး ပြန်ရောက်ဖို့ ခက်ခဲနေဦးမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြပြီး “မီးခိုးမထွက်တဲ့ စက်ရုံ” လို့ တင်စားခေါ်ဝေါ်ထားတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းဟာ ရှေ့ဆက် ရုန်းကန်နေရဦးမှာဖြစ်ကာ မျှော်မှန်းထားတဲ့ ခရီးသွားရာသီ ရွှေရောင်သန်းလာမှာလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။ ။
 
Photo Crd – Original Uploader
#voiceofmyanmar #VOM #ခရီးသွားကဏ္ဏ

Related posts

Leave a Comment

VOM News

FREE
VIEW