ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ပြည်မြို့ နဝဒေးတံတား ပတ်ဝန်းကျင်ကို ပုဒ်မ ၁၄၄ ထုတ်

 

ပြည်၊နိုဝင်ဘာ ၁၆ -၂၀၂၃

GG(VOM)

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ပြည်မြို့က နဝဒေးတံတားနဲ့ ပတ်ဝန်းကျင်ကို ပုဒ်မ ၁၄၄ ထုတ်ကာ တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ည ၈ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒါကြောင့် အဲ့ဒီအချိန်အတွင်း ဧရာဝတီမြစ် နဝဒေးတံတားနဲ့ တောင်ဘက်နဲ့မြောက်ဘက် ရဲ့ ကိုက် ၅၀၀ စီအကွာအဝေးအတွင်း စက်လှေများ၊ လက်လှော်လှေများဖြတ်သန်းသွားလာခြင်း၊ငါးဖမ်းခြင်း၊ တံတားအောက်ခြေတိုင်အနီးရပ်တန့်နားနေခြင်း၊ကျောက်ချရပ်နားခြင်းတွေ ပြုလုပ်ခွင့်မရှိသလို နဝဒေးတံတား ပေါ်ဖြတ်သန်းသွားလာခြင်းကိုလည်း တားမြစ်ထားတယ်လို့ သိရပါတယ်။

” ၁၄၄ ထုတ်လိုက်ကြောင်း လိုက်အော်တာရှိတယ်။ သူတို့သတ်မှတ်ထားတဲ့အချိန်အတွင်းအဲ့ဘက်ကို မသွားဖို့ပေါ့ ၊အခုရခိုင်တိုက်ပွဲစပြီးမှ ခုလိုအမိန့်ထုတ်လိုက်တာပါ ၊ နဝဒေးတံတားက ရခိုင်ကိုသွားတဲ့ ဆက်သွယ်ရေးတံတားဆိုတော့ ဖောက်ခွဲမှာစိုးလို့ ခုလိုလုပ်တဲ့သဘောပေါ့ ” လို့ ပြည်မြို့ဒေသခံတယောက်ကပြောပါတယ်။

ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကတော့ ခုလို ၁၄၄ ထုတ်ပြီး တားမြစ်နယ်သတ်မှတ်တာဟာ မြန်မာနိုင်ငံအနှံအပြားမှာတိုက်ပွဲတွေဖြစ်နေပြီး ဖောက်ခွဲတာတွေရှိနေတာကြောင့် ပြည်မြို့မှာလည်း ဖောက်ခွဲတာ ဖျက်ဆီးတာတွေရှိလာမှာကို စိုးရိမ်တဲ့အတွက် ခုလို လုပ်ဆောင်ရတာဖြစ်တယ်လို့ဆိုပါတယ်။

“ပြည်မြို့နယ်အတွင်းလမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေဖို့အတွက်အရေးကြီးတဲ့တံတား၊လမ်း ဖောက်ခွဲဖျက်ဆီးခံရခြင်းမရှိအောင် နဝဒေးတံတားပတ်ဝန်းကျင်ကို ဘာအကြောင်းနဲ့မှ ကန့်သတ်ချိန်အတွင်း သွားလာတာမလုပ်ဖို့ အသိပေးတာပါ ၊ တားမြစ်ချက်ဖောက်ဖျက်ရင်အရေးယူခံရမှာဖြစ်ပါတယ် ” လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဖွဲ့ ဝင်တယောက်ကပြောပါတယ်။

ပြည်မြို့ရဲ့ နဝဒေးတံတားဟာ ပြည်တဖက်ကမ်းမှာရှိတဲ့ ပန်းတောင်း၊ထုံးဘို ၊ဥသျှစ်ပင် အပါအဝင်စတဲ့မြို့နယ်တွေရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောဖြစ်သလို ရခိုင်ပြည်နယ်ကို ကုန်းကြောင်းကနေ သွားရောက်ရာမှာလည်း အဓိကကျတဲ့ တံတားတစင်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်မြို့ နဝဒေးတံတား ပတ်ဝန်းကျင်တဝိုက်ကို ၁၄၄ သတ်မှတ်ထားသလို ရခိုင်ကိုဝင်ရောက်နိုင်တဲ့ ပြည်မထဲမှ ရက္ခိုင်ပြည်ကိုသွားတဲ့ ငသိုင်းချောင်း-ဂွလမ်း၊ပြည်-တောင်ကုတ်လမ်း၊ပဒါန်း-အမ်းလမ်းစတဲ့ ကားလမ်းတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW