ကသာမှာ ကားသမားနဲ့ စက်လှေသမား ၁၀ ယောက်လောက်ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့က တပ်သားသစ်စုဆောင်းသွားလို့ မိသားစုတွေ စိတ်ပူနေ

ဧပြီ ၃ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း ၊ကသာမြို့နယ် ၊ သံပုရာကုန်းကျေးရွာ ၊ သံပုရာဆိပ်ကမ်းမှာ ကုန်ပစ္စည်းတင်ချလုပ်နေတဲ့ ကားသမားနဲ့ စက်လှေသမား ၁၀ ယောက်လောက်ဟာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ရဲ့ တပ်သားသစ်အဖြစ် စုဆောင်းခြင်း ခံလိုက်ရတယ်လို့ မိသားစုဝင်တွေပြောပြချက်အရ သိရပါတယ်။
မတ်လ ၃၁ ရက်နေ့မှာ တပ်သားသစ်အဖြစ် လူစုဆောင်းခံလိုက်ရတာ ဖြစ်ကြောင်း ခုချိန်ထိတော့ လူစုဆောင်းခံရသူတွေထဲက တယောက်မှ ပြန်လွတ်လာတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
” ခုတလော ပေါ်တာတွေ အရမ်း‌ဆွဲနေလို့ ပြည်သူတွေ ဘယ်မှ မသွားရဲအောင်ကိုဖြစ်နေပြီ ။တိုင်လို့လည်းမရပါဘူး ။ ကျွန်တော့် အကို လိုက်နေတာကို လိုက်မရသေးဘူး။ ပကဖ ဘက်ကဆွဲနေတာ။ Kia နဲ့ pdf အဖွဲ့ကပါ။ ကျွန်တော့်အကိုက အသက် ၃၀ ကျော်ပါ။ သံပုရာဆိပ်ကမ်းမှာ သကြားတင်နေတဲ့ ကားဆရာတွေ အကုန်ခေါ်သွားတာပါ ။စက်လှေသမားတွေရော အကုန်ပါတယ်။အနည်းဆုံး ၁၀ ယောက်ရှိမယ်။တယောက်မှ ပြန်မလွတ်သေးဘူး ။ကားသမားတွေပါဆွဲနေတော့ အခုက ကုန်စည်စီးဆင်းမှုအတွက် အခက်အခဲဖြစ်တယ်။ ခုက ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဖြစ်နေပြီ။” လို့ တပ်သားသစ်စုဆောင်းခံရသူရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။
မော်လူး မြို့နယ် ၊ မိုးတား မြို့နယ်ဘက်တွေမှာလည်း ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းမှုအခြေအနေက ပိုပြီးဆိုးလာနေတာကြောင့် ဒေသခံပြည်သူတွေ ဒုက္ခရောက်နေကြရတယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ထိစပ်နေတဲ့ ကချင်ပြည်နယ်ထဲက မြစ်ကြီးနား – ရွှေကူလမ်းပိုင်းမှာလည်း မတ်လ နောက်ဆုံးပတ်က အမျိုးသားတယောက်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ပေးရေးအတွက် လိုက်သွားတဲ့ မိသားစုထဲက အဖေဖြစ်သူ နဲ့ဦးလေးဖြစ်သူတို့ ကားတိုက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ၊ ဖားကန့် ဒေသနဲ့ မြစ်ကြီးနား – မန္တလေး – ကားလမ်းမှာလည်း လက်နက်ကိုင်အဖွဲ့ဘက်က တပ်သားသစ်စုဆောင်းမှုတွေကို ခပ်စိပ်စိပ် လုပ်လာနေတယ်လို့ ကားသမားတွေနဲ့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
” ဖားကန့်မှာလည်း kia ဘက်က လူတွေတအား ဆွဲတယ်။ နေ့ဘက်တောင် ဝင်ဆွဲတာရှိတယ်။ မြစ်ကြီးနား – မန္တလေးလမ်းပိုင်း၊ စစ်ကိုင်းတိုင်းထဲက အင်းတော်အနီး ပင်ဝယ်နားမှာလည်း kia က လူဆွဲပါတယ်။ ၄၅ နှစ်အောက်ကို အဓိကဆွဲတယ်။ လူတိုင်းဆွဲတာလည်းမဟုတ်ဘူး ။ သတိနဲ့သွားတာ အကောင်းဆုံးပဲ ။ မလိုအပ်ရင်လည်း မသွားတာအကောင်းဆုံးပဲ။ ” လို့ ဖားကန့်ဒေသခံ ကားသမားက ပြောပါတယ် ။
အစိုးရတပ်ကလည်း စစ်ကိုင်းတိုင်းထဲမှာ တပ်သားသစ် စုဆောင်းမှုတွေကို ပြုလုပ်နေတယ်လို့ ​မျက်မြင် ကြုံခဲ့သူက​ပြောပြပါတယ်။
“စစ်ကိုင်းမှာက လူငယ်​​တွေဆိုကား​ပေါ်ကဆွဲချတာ လ္ဘက်ရည်ဆိုင်ထဲဝင်ဆွဲတာ​တွေရှိတယ်။တချို့ပြန်လိုက်လို့ရ​ပေမယ့် တချို့​တော့ စစ်ထဲ​ရောက်မှသိရတယ် စစ်ကိုင်းမြို့​ပေါ်မှာ လူငယ်​တွေအပြင်သိပ်မထွက်ရဲဘူး”
သက်ဆိုင်ရာက​တော့ တပ်သားသစ်စုဆောင်းရာမှာ စစ်မှုထမ်းဥပဒေအရ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။
တကယ်လို့ စစ်မှုထမ်းဥပဒေအရ မဟုတ်ဘဲ လူစားထိုး ၊ငွေကြေးတောင်းခံခြင်း စတဲ့ မသမာမူတွေ ဖြစ်ပွားခဲ့ပါက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့.ကိုတိုင်ကြားနိုင်ကြောင်း အသိပေးထားပါတယ်။
ဒါအပြင် ပြည်သူ့ စစ်မှုထမ်းဆင့် ခေါ်ရေးဆိုင်ရာ ကိစ္စရပ် နဲ့ပတ်သက်ပြီးလည်း စုံစမ်းမေးမြန်းနိုင်သလို မသမာမှု နှင့်ပတ်သက်ပြီး တိုင်ကြားခြင်းတွေကို တိကျစွာ ဆက်သွယ်သတင်း ပို့နိုင် ကြောင်း နဲ့ သတင်းပို့ တိုင်ကြားဖို့ အတွက်လည်း တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့.ဖုန်းနံပါတ် တွေကို ထုတ်ပြန် အသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် ၂၀၂၁နောက်ပိုင်းကစလို့ နေရာအနှံအပြားမှာ လက်နက်ကိုင်အဖွဲ့တွေပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒီနောက်မှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ်အကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့အထိလည်း ဖြစ်ပွားမှုရှိနေဆဲပါ ။ တိုက်ပွဲအချိန်ကြာလာတာနဲ့အမျှ နှစ်ဘက်လုံးမှာ တပ်သားလိုအပ်ချက်ရှိလာတာကြောင့် တပ်သားသစ်စုဆောင်းမှုတွေကို အပြိုင်အဆိုင်ပြုလုပ်လာကြတာ ဖြစ်ပါတယ် ။
ဒီလို ၂ဖက်အပြိုင် စစ်သားစု​ဆောင်း​နေတာ​ကြောင့် စစ်မတိုက်လိုတဲ့လူငယ်​တွဟာ အိမ်နီးချင်းနိုင်ငံ​တွေကို နည်းမျိုးစုံနဲ့သွား​ရောက်တိမ်း​ရှောင်ကြတာများလာ​နေပါတယ်။
ဓာတ်ပုံ – SKN

Related posts

Leave a Comment

VOM News

FREE
VIEW