တန်ဆောင်တိုင် ငပလီကမ်းခြေ ဘိုကင်လုပ်ထားသူတွေ ပြန်အမ်းငွေ အပြည့်မရ

 

ရန်ကုန်၊ နိုဝင်ဘာ ၁၈-၂၀၂၃

GG(VOM)

 

 

တန်ဆောင်ပွဲတော်ကာလမှာ ငပလီကမ်းခြေခရီးစဥ်သွားရောက်ဖို့အတွက် ဟိုတယ်နဲ့ လေယာဉ်လက်မှတ်အတွက် ကြိုတင်ပေးရတဲ့ ဘိုကင်ငွေ နဲ့ အကျေချေပြီး  လေယာဥ် လက်မှတ်ဖြတ်ထားသူတွေ ခရီးစဥ်ကိုဖျက်သိမ်းလိုက်ပေမယ့် ပြန်အမ်းငွေ ရာနူန်းပြည့်ပြန်မရ တဲ့အခက်အခဲတွေကြုံတွေ့နေရတယ် လို့သိရပါတယ်။

 

 

ရန်ကုန် သံတွဲ လေကြောင်းခရီးစဥ်တွေ ပြေးဆွဲနေဆဲဖြစ်တာကြောင့် ဟိုတယ်တချို့ငွေပြန်အမ်းတာမျိုး လုပ်ပေးခြင်းမရှိဘဲ ရက်ရွှေ့လိုပါက သတ်မှတ်ကာလအထိ ရက်ရွှေ့နိုင်ကြောင်း ပြောဆိုမှုရှိပြီး လေကြောင်းလိုင်းကလည်း လေကြောင်းလိုင်းဘက်ကပြေးဆွဲနိုင်ခြင်းမရှိတာ နဲ့ လေကြောင်းပြေးဆွဲမှုပိတ်လိုက်တာမျိုးမှသာ ငွေပြန်အမ်းမယ်ဆိုတဲ့ အခြေအနေတွေ ကြုံတွေ့နေရတာဖြစ်တယ်လို့သိရပါတယ်။

 

 

” လေယာဥ်လက်မှတ်ဖိုးလည်း ချေပြီးပြီ၊ဟိုတယ်ခလည်းချေပြီးပြီ၊ ဒါပေမယ့်အခု refund ပြန်မပေးဘူး လုပ်နေတယ်၊ကုန်းကြောင်းပိတ်ပေမယ့် လေကြောင်းဖွင့်လို့ ပြန်မပေးဘူး ပြောတယ်၊ အခုတော့ညှိနေတယ် ၊တချို့ ခရီးသွားကုမ္ပဏီတွေက ငွေပြန်အမ်းပေးကြတယ်၊ တချို့တွေကတော့ ငွေပြန်မအမ်းချင်လို့  ညစ်နေတာလည်းရှိတယ်၊ အခုက ခေတ်ကာလမကောင်းလို့cancle လုပ်တာကို ငွေပြန်မအမ်းတာတော့ တော်တော်အဆင်မပြေဘူးပေါ့၊ ” လို့ ငပလီကိုသွားဖို့ ဘိုကင်လုပ်ထားသူတစ်ဦးကပြောပါတယ်။

 

 

လက်ရှိ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီတွေထဲမှာ ကုန်းကြောင်းနဲ့လာရောက် ဘိုကင်တင်ထားသူတွေကိုတော့ ငွေပြန်အမ်းတာရှိပါတယ်။  လေကြောင်းနဲ့ သွားဖို့ ဘိုကင်တင်ထားသူတွေကို လေယာဥ်လက်မှတ်အတွက် စရံပေးသွင်းထားရတဲ့ နူန်းကို နူတ်ယူထားပြီး ကျန်ငွေကိုတော့ ပြန်အမ်းပေးတဲ့ ကုမ္ပဏီတွေရှိသလို ပြန်အမ်းငွေမပေးတဲ့ ခရီးသွားကုမ္ပဏီတွေနဲ့ ဟိုတယ်၊လေကြောင်းလက်မှတ်ဝန်ဆောင်မှုပေးနေသူတွေလည်း ရှိပါတယ်။ ”

 

 

ကားလမ်းပိတ်သွားလို့ မသွားဖြစ်တော့တဲ့ ငပလီ ကားလမ်းခရီးစဥ်အတွက် စရံငွေများအားလုံး ပြန်ပေးအပ်ပြီးသွားပါပြီ၊လေကြောင်းခရီးတွေက နေ့တိုင်းပြေးဆွဲနေလို့ ဘယ် Airline ကနေမှ Refund မရပေမယ့် ကျမတို့က လေယာဥ်လက်မှတ်စိုက်၀ယ်ထားတဲ့ဆုံးရှုံးမှု စရံငွေရဲ့ ၄၀% ကလွဲပြီး ကျန်စရံငွေရဲ့  ၆၀% ကို ပြန်လည်ပေးအပ်မှာပါ။ ” လို့ ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုကပြောပါတယ်။

 

 

ကြိုတင်ပေးထားရတဲ့ ဘိုကင်ငွေ ပြန်အမ်းတာနဲ့ ပတ်သက်လို့ ခရီးသွား ကုမ္ပဏီနဲ့ ခရီးသည်ရဲ့ မူလသဘောတူညီထားတဲ့ စည်းကမ်းချက်တွေအပေါ် မူတည်ပြီးမှ ဆုံးဖြတ်ကြတာလို့လည်း သိရပါတယ်။

 

ရခိုင်ပြည်နယ် မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ ရေလမ်းကြောင်းနဲ့ပါ အဝင်အထွက်ပိတ်လိုက်တာကြောင့် ငပလီကမ်းခြေကို အလည်ပတ်သွားရောက်နေတဲ့ ခရီးသွားဧည့်သည်တွေ ကမ်းခြေမှာထောင်နဲ့ချီပိတ်မိခဲ့ပါတယ်။

 

 

အဲဒီလိုဖြစ်စဥ်ကြောင့် တန်ဆောင်တိုင်ကာလ ငပလီကမ်းခြေသွားဖို့ ဘိုကင်တင်ထားသူတွေက ခရီးကို ဖျက်သိမ်းတာမျိုးတွေလုပ်လာကြတာဖြစ်ပါတယ်။ လက်ရှိ ငပလီကမ်းခြေ မှာ ပိတ်မိတဲ့ ပြည်တွင်း ပြည်ပခရီးသွားတွေထဲကမှ အိမ်စီးကားနဲ့လာရောက်သူတွေကိုတော့ တည်းခိုတဲ့သက်ဆိုင်ရာဟိုတယ်ကနေ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနကို စာတင်အကြောင်းကြားပြီးမှ  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ထပ်မံတင်ပြကာ ခွင့်ပြုသူတွေကို ပြန်ခွင့်ပေးနေတယ်လို့သိရပါတယ်။Express ခရီးသည်တင် အဝေးပြေးကားတွေကိုတော့ ပြန်လည်ထွက်ခွာခွင့် မပေးသေးဘူးလို့သိရပါတယ်။

 

 

ငပလီကမ်းခြေမှာ နယ်မြေအေးချမ်းမှုရှိပေမယ့်လည်း ကုန်းလမ်းကြောင်းကို ပိတ်ထားတဲ့အတွက် ငပလီကမ်းခြေကို ခရီးသွားဝင်ရောက်မှု လျော့ကျသွားနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

 

#voiceofmyanmar #VOM  #ငပလီကမ်းခြေ

Related posts

Leave a Comment

VOM News

FREE
VIEW