ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေးဂိတ်ကို MNDAA က သိမ်း

 

နိုဝင်ဘာ ၂၆၊ ၂၀၂၃

Shy V (VOM)

တရုတ် – မြန်မာ ကုန်သွယ်ရာ ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေး ဂိတ်ကို ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့မနက် ၁၀ နာရီခန့်ကယမှာ MNDAA က သိမ်းပိုက်လိုက်ကြောင်း ကိုးကန့်ဘက်က သတင်းထုတ်ပြန်ချက်နဲ့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

ယမန်နေ့ မနက် ၁၀ နာရီလောက်က သိမ်းလိုက်ကြောင်း ကိုးကန့် သတင်း မီဒီယာရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလ အတွင်း မုံးကိုး – မန်ဟိုင်းဂိတ်၊ ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန် ဂိတ်၊ မူဆယ် ကျင်စန်းကျော့ – ဝမ်တိန် ဂိတ်နဲ့ ချင်းရွှေဟော် – မိန်းတိန် ဂိတ်တွေကို သိမ်းပိုက် နိုင်ခဲ့ ကြောင်း ဖော်ပြထားပါတယ်။

“ကုန်ပြီ၊ ကုန်ပြီ။ လက်နက် သံတွေ တဝုန်းဝုန်းနဲ့။ မနေ့ကလည်း တနေကုန် လက်နက်ကြီး သံတွေ ကြားနေရတယ်။ အဲဒီ ကျင်းစန်းကျော့ က လူတွေလည်း နယ်စပ် စည်းရိုးနား ရှောင်နေရတယ် ကြားတယ်” လို့ ကျင်စန်းကျော့ တဖက်ကမ်း တရုတ်ဘက်ခြမ်း ရောက်နေတဲ့ မြန်မာ နိုင်ငံသား ၁ ဦး က ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း စစ်တပ်နဲ့ MNDAA နဲ့ မဟာမိတ် တပ်ပေါင်းစုအဖွဲ့ တို့အကြား တိုက်ပွဲကြောင့် ဆဲဗင်းဟွာကျင့် သွင်းကုန်ကား ရပ်နားကွင်းမှာ လက်နက်ကျရောက်ပေါက်ကွဲလို့ ကုန်အပြည့် တင်ထားတဲ့ သွင်းကုန်ကား အစီး ၁၂၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ ပါတယ်။

ကားပိုင်ရှင် ၁ ဦးထဲ ကား ၅ စီး၊ ၁၀ စီး အထိ ပါသွားသူတွေ ရှိပြီး ဆုံးရှုံးမှုဟာ သိန်းပေါင်း သိန်းချီ ရှိနိုင်တယ်လို့ နယ်စပ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

၁၀၅ မိုင် ကုန်သွယ် ရေးဇုန်အတွင်းမှာ ရပ်နားထားတဲ့ ကုန်တင်ကားတွေလည်း လုံခြုံမှု မရှိတာကြောင့် ကုန်သည်၊ ကားပိုင်ရှင်၊ ယာဉ်မောင်းတွေက စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

ယနေ့ကစ မုံးကိုး၊ ပန်ဆိုင်း၊ မုံးပေါ် ဘက်ကနေ မူဆယ် လာမယ့် သူတွေကို နမ့်တောင်းကနေ ပြန်လှည့်ပြန်ခိုင်းနေ‌တယ်လို့ ဒသခံတွေက ပြောပါတယ်။

“မနေ့က နမ့်တောင်းကနေ လှည့်ပြန်ခိုင်းတယ်။ ဘာလိုင်းကားမှ သွားလို့မရဘူး။ လမ်း သုံးရက် ပိတ်မယ်လို့ ပြောတယ်။” လို့ ပြန်လှည့်ခဲ့ရတဲ့ ဒေသ ခံ ၁ ဦးက ပြောပါတယ်။

မူဆယ် အဝင်အထွက်မှာလည်း စစ်ဆေးရေး တင်းကျပ်ထားပြီး မူဆယ်ကနေ ကုန်စိမ်းကအစ ဘာ စားသောက်ကုန်မှ သယ် ထွက်လို့ မရဘူးလို့ ဆိုပါတယ်။

ဒီနေ့မှာတော့ မူဆယ် ၁၀၅ မိုင်ဘက် လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရပြီး တိုက်ပွဲ ပြင်းထန်နေပါတယ်။ နမ့်ခမ်းဘက်မှာလည်း နေ့တိုင်း တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ လောက်ကိုင်မြို့မှာ နေထိုင်သူတွေကိုတော့ ဒီကနေ့ နောက်ဆုံးထား ရှောင်ကြဖို့ ပြောတာကြောင့် ဒီနေ့ မနက် အစောပိုင်းကတည်းက မြို့ထဲကနေ ထွက်ခွာနေကြပြီ ဖြစ်‌ကြောင်းလောက်ကိုင် ရောက် လူငယ် ၁ ဦးက ပြောပါတယ်။

မူဆယ် – ကွတ်ခိုင် ကြားတော့ ဒီ ရက်ပိုင်းအတွင်း ‌ဈေးပတ်ကားတွေနဲ့ ခရီးသည် ကားလေးတွေ အခြေအနေ ကြည့်ပြီး သွားလာနေကြတယ်လို့ မူဆယ်က ကုန်စိမ်း ဈေးသည် ၁ ဦးက ပြောပါတယ်။

နယ်စပ်ဒေသ တလျှောက် တိုက်ပွဲ ရက်ရှည် ကြာလာတာနဲ့အမျှ ဆေးဝါးပစ္စည်းနဲ့ မြန်မာထွက် ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး ‌စားဝတ်နေရေးအတွက် အလုပ် မလုပ်နိုင်တဲ့ အပြင် ဒေသခံ အများစုက တိုက်ပွဲ ရှောင်နေကြရတာပါ။

Photo Crd# Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW