တပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲ၊ပြောင်း၊နှမ်း ဈေးနူန်း နိူင်းယှဉ်ဈေးကွက် သုံးသပ်ချက်

 

” နှမ်းနဲ့ မတ်ပဲ ဈေးပြန်ကျ ”

ရန်ကုန်၊ နိုဝင်ဘာ ၂၆ – ၂၀၂၃

GG(VOM)

ခုတပတ်မှာတော့ တန်ဆောင်တိုင် ပွဲတော်ကလရက်ဖြစ်တာနဲ့အညီ ပြည်တွင်း ပဲမျိုးစုံဈေးကွက်မှာလည်း အရောင်းအဝယ်အေးပြီး မတ်ပဲက ဈေးပြုတ်ကာ နှမ်းနဲ့ ပဲတီစိမ်း၊ကုလားပဲ၊မြေပဲကလည်း ဈေးထပ်ကျသွားသွားပြီး ပဲစဉ်းငုံနီ နဲ့ ပြောင်းဆန်က အကျဈေးမှာငြိမ်နေတယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ခုတပတ်မှာ ဈေးတန်း ပြန်ကျသွားတာတွေ့ရ ပါတယ်။ မတ်ပဲကို အိန္ဒိယ ဘက်ကဝယ်လိုအားနည်းသွားတာကြောင့် ဈေးတန်းက ပြန်ကျလာတာဖြစ်ပါတယ်။

ပြည်တွင်း မှာလည်းမတ် ပဲလက်ကျန်မရှိသ လောက်နည်းသွားပြီဖြစ်တာကြောင့် ဈေးတန်းကပြန်ကျလာတာဖြစ်တယ် လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (RC) နိုင်ငံခြားတင်ပို့ဖို့ အရန်သင့် အရည်အသွေးနဲ့ FAQ သင့်တင့်တဲ့ပျှမ်းမျှအရည်အသွေး တစ်တန်ကို အရင်တပတ်က ၂၉ သိန်း ဈေးရှိခဲ့ရာကနေ ခုတပတ်မှာတော့ တစ်တန်ကို ၂၈ သိန်း သာဈေးရှိလို့ တစ်တန်ကို တစ်သိန်း ကျပ် ပြုတ်ကျလာတာဖြစ် ပါ တယ်။

မန္တလေးဈေးကွက်မှာလည်း အရင်တပတ်က ပိဿာ ၆၀ တစ်အိတ်ကို ၂၇၈၀၀၀ ကျပ် ဈေးရှိပြီး ခုတပတ်မှာတော့ ၂၆၆၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ် ပြန်ကျ လာပါတယ်။

နယ်ဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ ကို ကျပ် ၈၉၅၀၀ ကျပ်ကို ပြန်ကျလာ နေ ပါတယ်။

နှမ်း

နှမ်းမျိုးစုံဈေးကွက်က ခုတပတ်မှာတော့ ဈေးပြန်ကျလာပါတယ်။

နှမ်းနက် စမုံ ၄၅ ပိဿာကို အရင်တပတ်က ၃၅၅၀၀၀ ကျပ်ဈေးတန်းမှာရှိခဲ့ပြီး ခုတပတ်မှာ ၃၄၀၀၀၀ ကျပ်အထိ ဈေးပြန်ကျသွားပါတယ်။

နှမ်းဖြူ ရိုးရိုးကလည်း ၄၅ ပိဿာကို အရင်တပတ်က အမြင့်ဆုံး ၃၅၀၀၀၀ ကျပ်သာရှိခဲ့ပေမယ့် ခုတပတ်မှာ ၃၃၀၀၀၀ ကျပ်သာရှိလို့ ၂၀၀၀၀ ကျပ်ပြန်ကျလာပါတယ်။

ပြည်ပက နှမ်းကိုဝယ်ယူတဲ့အခါမှာ အက်ဆစ်အောင်တဲ့နှမ်းကိုသာ အဓိကဝယ်ယူလေ့ရှိတာဖြစ်ပါတယ်။

လက်ရှိမှာဈေးကွက်ထဲကိုမိုးနှမ်းအသစ်တွေ စတင်ဝင်ရောက်နေပြီး မိုးနှမ်းတွေက အက်ဆစ်အောင်တာကြောင့် တရုတ် ဝယ်လက်တွေက ကြိုတင်ဝယ်ယူသိုလှောင်မှုရှိနေလို့ အရင်တပတ်တုန်းကနှမ်းမျိုးစုံ ဈေးပြန်တက်လာပေမယ့် လတ်တလောမှာ အဝယ်အေးသွားလို့ ဈေးကပြန်ကျသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ခုတပတ် ရန်ကုန်ဈေးကွက်က ဈေးအေးနေပြီး မန္တလေးဈေးကွက်မှာ ဈေးအနည်းငယ် တက်ရိပိပြလာတာတွေ့ရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲဖြူလုံးက ၄၄၁၅ မှ ၄၅၀၀ ကျပ်ဉ ကုလားပဲဖြူလုံးကြီးက ၄၅၈၀ မှ ၄၆၇၀ ကျပ်ဈေးနဲ့ အရင်တပတ်ကဈေးတန်းမှာပဲရှိနေပါတယ်။ကုလားပဲခြမ်းကတော့ ၅၆၅၀ မှ ၅၉၅၀ ကျပ်ဈေးပေါက်ပြီး အရင်တပတ်ကထက် ၅၀ ကျပ် ထပ်ကျသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(V2)က ၅၆.၂၅ ပိဿာ ကို ၂၆၇၀၀၀ ကျပ်ဈေးရှိပြီး ၂၀၀၀ ကျပ်ပြန် တက်လာသလို ကုလားပဲ V7 ကလည်း ၂၇၅၀၀၀ ကျပ်ဈေး ရှိလို့ ၁၀၀၀ ကျပ်ပြန်တက်လာပါတယ်။ ကုလားပဲ ၉၂၉ ကတော့ ၂၅၅၀၀၀ ကျပ်ဈေးတန်းရှိနေပါတယ်။ ကုလားပဲထိုင်ဝမ်ကတော့ ၂၅၀၀၀၀ ကျပ်ဈေးရှိနေပါတယ်။

ကုလားပဲက ပြင်ပလက်လီဈေးကွက်မှာတော့ တစ်ဆယ်သားကို ၇၀၀ ကျပ်အထိရှိနေပါတယ်။

ကုလားပဲလုံးကို စက်ပိုင် ပဲခွဲစက်တွေကဝယ်ယူပြီး တောင်သူတွေက ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုး အဖြစ်ဝယ်ယူသူတွေရှိပေမယ့် လက်ရှိအရောင်းအဝယ်အေးနေတယ်လို့သိရပါတယ်။

ကုလားပဲက ပြည်တွင်းစားသုံးမှုအဓိက ဖြစ်လို့ ပြည်တွင်း ဝယ်လိုအားအနည်းအများပေါ်လိုက်ပြီး ဈေးကအတက်အကျရှိနေတာဖြစ်ပါတယ်။

မြေပဲ

မြေပဲဈေးကွက် တရုတ်ကိုတင်ပို့မှုမရှိလို့ ခုတပတ်မှာဈေးထပ်ကျလာတဲ့အပြင် အရောင်းအဝယ်ပါအေးနေတယ်လို့သိရပါတယ်။

အဓိကကတော့ ဈေးကွက်ထဲကို ပဲအသစ်တွေဝင်ရောက်နေတဲ့အပြင် တရုတ်ဘက်ကိုလည်း တင်ပို့မှုမရှိတာကြောင့် ဈေးတန်းက ထပ်ကျနေတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိဈေးကွက်မှာ မြေပဲလုံးဆံနီ နဲ့ လုံးဆံဖြူက တစ်ပိဿာကို အမြင့်ဆုံး ၅၃၀၀ အထိသာ ဈေးရှိနေပြီး ဆီကြိတ်ခွဲတဲ့ ဆီဆံကတော့ ၅၀၀၀ ကျပ်အောက်ကို ကျသွားပါတယ်။ မြေပဲအတောင့်ဈေးကွက်ကလည်း ၂၅ ပေါင်အခြောက် တစ်တင်းကို ၂၄၀၀၀ တစ်ပတ်လည်ရှိပြီး မြေပဲဆောင့်အစိုကတော့ ၁၅၀၀၀ ပတ်လည်သာရှိပါတယ်။

ပဲတီစိမ်း

ခုတပတ်မှာ ပဲတီစိမ်းကလည်း ရန်ကုန်ဈေးကွက်၊ မန္တလေးဈေးကွက်နှစ်ခုလုံးမှာ ဈေးကျလာပါတယ်။ပဲတီစိမ်းကို တရုတ်ဘက် တင်ပို့နိုင်ခြင်းမရှိတာကြောင့် ဈေးတန်းက ကျလာတာဖြစ် တယ် လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၄၃၀ ကျပ် ရှိပြီး ပဲတီစိမ်း(ပဲခူးရွှေဝါ)ကလည်း ၃၂၆၅ ကျပ် နဲ့ ပဲတီစိမ်း(ဝါးခယ်မ)ကလည်း တစ်ပိဿာကို ၂၇၁၅ မှ ၃၂၀၀ ကျပ်ဈေးရှိပြီး အားလုံးက အရင်တပတ်ကထက် ၃၅ ကျပ်ကနေ ၁၀၀ ကျပ်အထိ ဈေး ထပ်ကျသွားတာတွေ့ရပါတယ်။

မန္တလေးဈေးကွက်မှာတော့ အရင်တပတ်က ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၆၀၀၀၀ ကျပ်ဈေးရှိခဲ့ပြီး ခုတပတ်မှာ ၁၅၀၀၀၀ ကျပ်အထိပြန်ကျလာပါတယ်။

ပဲစဉ်းငုံနီ

ပဲစဉ်းငုံနီကတော့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ အရင်တပတ်က အကျဈေးတန်းဖြစ်တဲ့ တစ်တန် ၃၂၅၀၀၀၀ ကျပ် မှာပဲဈေး ငြိမ်နေ ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲစဉ်းငုံနီက အရောင်းအဝယ်မရှိသလောက်ဖြစ်ပြီး ပစ္စည်းလက်ကျန်မရှိတော့လို့ ဈေးတန်းပင်ဖွင့်ထားခြင်းမရှိပါဘူး။

ပဲစဉ်းငုံနီအသစ်တွေက ခု နိုဝင်ဘာလ ကုန်လောက်ကစပြီး စတင်ရိတ်သိမ်းတော့မှာ ဖြစ်တဲ့အပြင် အိန္ဒိယဘက်ကလည်း ဝယ်လိုအားနည်းသွားတာကြောင့် အရောင်းအဝယ်အေးပြီးဈေးတန်ကအေးနေ တာဖြစ်တယ်လို့သိရပါတယ်။

ဒါပေမယ့်လည်း ပဲစဉ်းငုံနီကို အိန္ဒိယ ဘက်ကလိုအပ်ချက်ရှိတဲ့အတွက် ကုန်သည်တွေက ပဲအသစ်တွေကို ကြိုတင်ဝယ်ယူနေတာကြောင့် ဈေးတန်းက တစ်တန်ကို သိန်း ၃၀ အောက်ကို ကျနိုင်တဲ့အခြေအနေမရှိဘူးလို့ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။

ပဲစဉ်းငုံနီက အိန္ဒိယကိုသာ အဓိကတင်ပို့ရတာဖြစ်ပါတယ် ။

ပြောင်း

ပြောင်းဆံဈေးကွက်ကတော့ တရုတ်ကို နယ်စပ်ဂိတ်ကနေ အနည်းငယ်သာတင်ပို့နိုင်တာကြောင့် ပြည်တွင်း ဈေးကွက်ကိုပဲအဓိကအားထားနေရပါတယ်။ ဒါကြောင့်ဈေးတန်းက အတက်ဘက်ကိုမရှိဘူးလို့သိရပါတယ်။

လက်ရှိမှာ ပြောင်းဆံကို ပြည်တွင်းမွေးမြူရေးအစာစပ်စက်ရုံတွေနဲ့ မွေးမြူရေးလုပ်ကိုင်သူတွေကသာ အဓိကဝယ်ယူနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၀၇၀ မှ ၁၀၉၀ ကျပ်ဈေးပေါက်ပြီး မန္တလေးဈေးကွက်မှာတော့ ဗမာပြောင်းက ၅၄ ပိဿာကို ၅၂၀၀၀ ကျပ်၊ ရှမ်းပြောင်းနဲ့ CP ပြောင်း က ၅၃၀၀၀မှ ၅၄၀၀၀ ကျပ်ဈေးပေါက်နေပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ ဈေးကွက်အခြေအနေ ကတော့ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၅ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက်နိူင်ယှဉ်းသုံးသပ်ချက်ဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW