ရေဇွာမြို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထား

 

နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၃

SP (VOM)

ချင်းပြည်နယ် တောင်းပိုင်း ၊ မတူပီမြို့နယ် ၊ ရေဇွာမြို့နယ်ခွဲမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား နှစ်ရက်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မနေ့ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းကစလို့ ရေဇွာမြို့ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က မနက် ၁၀ နာရီဝန်းကျင်လောက်ကစပြီး ရေဇွာမြို့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်လိုက်တယ် ၊ တပ်စခန်း ၊ ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေပါ လူမရှိတော့ဘူး ၊ ရေဇွာမှာ နှစ်ရက်ကြာတိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိတယ် ၊ နောက်ပြီး စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးခံထားရတယ် ” လို့ ရေဇွာမြို့ခံ ဘာသာရေးခေါင်းဆောင်တယောက်က ပြောပါတယ်။

အဲ့ဒီ ရေဇွာမြို့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ လူမှုကွန်ရက်ပေါ် ထုတ်ပြန်ထားတာက နိုဝင်ဘာ ၂၆ ရက်ကစပြီး ရေဇွာမြို့ကို တိုက်ပွဲဖော်ဆောင်ခဲ့တယ် ၊ တိုက်ပွဲမှာ စစ်သုံပန်းအဖြစ် လူ ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ် ၊ ၂၉ ရက် မနက်ပိုင်းမှာ ရေဇွာမြို့ကို ထိန်းချုပ်နိုင်လိုက်ပြီ လို့ ရေးသားထားတာကို တွေ့ရှိရပါတယ်။

ဒါ့အပြင် ရေဇွာမြို့ ထိတွေ့တိုက်ပွဲနဲ့ ပတ်သက်လို့ အခုထိ နစကဘက်က သတင်းထုတ်ပြန်တာ မရှိသေးတာကြောင့် ချင်းပြည်နယ် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ချင်းပြည်နယ်မှာ နိုဝင်ဘာလအတွင်း ဖလမ်းခရိုင် ၊ ရိဒ်ခေါဒါရ်မြို့နယ်ခွဲ ၊ မတူပီမြို့နယ် ၊ ရေဇွာမြို့နယ်ခွဲနဲ့ လိုင်းလာဲန်ပီးမြို့နယ်ခွဲတွေအပြင် ဖလမ်းမြို့နယ် သီဘွားလ်ရွာတပ်စခန်းနဲ့ တီးတိန်မြို့နယ် ကနေဒီတောင် တပ်စခန်းတွေကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW