ဘန်ကောက်၊ ဒီဇင်ဘာ-၁၃-၂၀၂၃
မျိုးဆက်(VOM)
ထိုင်း-မြန်မာနယ်စပ်မှာ မက်သာဖက်တမင်း မူးယစ်ဆေးပြား သန်း ၅၀ ကျော်ကို စံချိန်တင်ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
အခုလိုဖမ်းဆီးရမိမှုဟာ ထိုင်းနိုင်ငံတွင်းမှာ စံချိန်တင်အများဆုံးဖြစ်ပြီး အာရှမှာတော့ ဒုတိယအများဆုံး စံချိန်တင် ဖမ်းမိခဲ့တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။
ကန်ချနာပူရီခရိုင် လုံခြုံရေးဂိတ်မှာ ခြောက်ဘီးကားပေါ်ကနေ အိတ်ကြီးတွေနဲ့ ထည့်ထားတဲ့ မက်သာဖက်တမင်း မူးယစ်ဆေးတွေကို ဒီဇင်ဘာ ၁၂ ရက်က ထိုင်းရဲတွေက စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ဒါဟာ ရွှေတြိဂံဒေသအနီး လာအိုမှာ မက်သာဖက်တမင်းဆေးပြား ၅၅ သန်းကျော်ဖမ်းမိပြီးနောက် အာရှဒေသမှာ ဒုတိယအများဆုံး ဖမ်းဆီးရမိမှုဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးရဲ့ အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ် ဂျယ်ရမီဒေါက်ကလပ်စ်က ပြောပါတယ်။
အာရှရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းက ထုတ်လုပ်တဲ့ ဆေးပြားတွေကို ခိုးထုတ်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဒေါက်ကလပ်စ်က ပြောပါတယ်။
မူးယစ်ဆေးထုတ်လုပ်မှုက တိုးလာပေမယ့် အာဏာပိုင်တွေရဲ့ဖမ်းဆီးမှုဟာ ဒေသတွင်း တရားမဝင်မူးယစ်ဆေးဝါး စီးဆင်းမှုအပေါ် အနည်းငယ်သာ သက်ရောက်မှုရှိနေကြောင်း သူက သုံးသပ်ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မူးယစ်ကုန်သည်တွေဟာ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ဖြန့်ဖြူးရေးလမ်းကြောင်းတွေကို တိုးချဲ့လာနေခဲ့ပါတယ်။
Ref:Reuters
Photo:Reuters