ဒီဇင်ဘာ ၊ ၁၃ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ်ရဲ့ မြောက်ပိုင်းမှာရှိတဲ့ နောင်ကြီးအိုင်ကျေးရွာ ၊ နောင်ကြီးအိုင်း ရဲကင်းစခန်းမှာ မနေ့ ဒီဇင်ဘာ ၁၂ ရက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” နောင်ကြီးအိုင်ရွာဆိုတာ ဝက်လက်နယ် ၊ ဒီပဲယင်းနယ် ၊ ဘုတလင်နယ် စတဲ့ မြို့နယ်တွေနဲ့ ထိစပ်နေတယ် ၊ မနေ့ကတော့ ဒီပဲယင်း ၊ ဝက်လက် ၊ ဘုတလင် နယ်ဘက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက စုဖွဲ့ပြီး နောင်ကြီးအိုင် ရဲကင်းစခန်းကို လာတိုက်တယ် ၊ နှစ်ဘက် ထိခိုက်သေဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ အတိအကျ မသိရသေးဘူး ” လို့ ယာယီတိုက်ပွဲရှောင် ထွက်ပြေးတိမ်းရှောင်လာသူ နောင်ကြီးအိုင် ဒေသခံတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က
” မနေ့က နောင်ကြီးအိုင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ ထိခိုက်ကျဆုံးတာ ရှိတယ် ၊ အဲ့ဒီ နောင်ကြီးအိုင်ဘက်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ကစလို့ အခုထိ ထိတွေ့တိုက်ပွဲ အကြိမ်ရေ ၂၀ ကျော်လောက်ရှိပြီ ၊ အခုထိတွေ့မှုဖြစ်စဥ်မှာ တဖက်ကလည်း ထိခိုက်သေဆုံးမှုတွေ အများအပြားရှိတယ် ၊ အလောင်းနဲ့ လက်နက် အရေအတွက် မရသေးဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာထဲမှာ ဝက်လက်မြို့နယ်နဲ့ အရာတော်မြို့နယ်စပ်မှာ ရှိတဲ့ ရွှေပန်းကုံး နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၂၀ နီးပါးကျဆုံးကာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက အဲ့ဒီ ရွှေပန်းကုံး နယ်မြေရဲစခန်းကို အခုထိ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မနေ့က စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် ၊ သဖန်းဆိပ် ဆည်အနောက်ဘက်ခြမ်းမှာရှိနေတဲ့ ရေနံလက်ယက်တွင်းတွေ နေရာနဲ့ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာတွေဘက်မှာ လေကြောင်းပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ သိရပါတယ်။