အဆိုတော် အောင်လ၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မန္တလေးမြို့တော်ဝန်ဟောင်းအပါအဝင် နိုင်ငံရေးအကျဥ်းသားတချို့ လွတ်မြောက်လာ

 

ဇန်နဝါရီ ၄ – ၂၀၂၄

SN (VOM)

ဒီကနေ့ ဇန်နဝါရီ ၄ ရက်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ အဆိုတော် အောင်လ၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်၊ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ့ မန်းမြို့ေတာ်ဝန် အပါအဝင် နိုင်ငံရေး အကျဉ်းသားတချို့ ပြန်လည် လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဒီနေ့ လွတ်တဲ့အထဲမှာ အောင်လ (Reason) လည်းပါပါတယ်။ သင်ဇာဝင့်ကျော်လည်း ပါတယ်။ သူတို့ကတော့ သေချာပါတယ်။ ဒါပေမယ့် နန်းမွေစံကတော့ လွတ်တဲ့အထဲ ပါမလာသေးဘူး။ သူ့အမေကိုယ်တိုင်ကလည်း လွတ်မလာသေးဘူးလို့ ပြောထားတယ်” လို့ အနုပညာရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ – (က) နဲ့ အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး အဆိုတော် အောင်လ (Reason) ကတော့ ဆေးမှု၊ နိုင်ငံရေးမှုတွေနဲ့ပြစ်ဒဏ်ကျခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့ လွတ်ငြိမ်းမှာ ပန်းပင်ကြီးလမ်း ဆန္ဒပြတဲ့ဖြစ်စဉ်မှ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းလည်း ပြန်လည် လွတ်မြောက်လာသလို မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ကဗျာဆရာတွေဖြစ်တဲ့ ကဗျာဆရာရိုးခက်နဲ့ ကဗျာဆရာမွန်းအိမ်တို့လည်း ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ သတင်းထောက် မမှူးရတနာခက်မိုမို့ထွန်းနဲ့အတူ နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကားနဲ့တိုက် ဖမ်းဆီးခြင်း ခံခဲ့ရသူဖြစ်ပြီး အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရတာပါတယ်။

“ကိုကောင်းဆက်လင်းကတော့ ဒီကနေ့ လွတ်ငြိမ်းထဲ ပါလာပါပြီ။ သူနဲ့အတူ အဖမ်းခံရတဲ့ သတင်းထောက် မမှူးရတနာခက်မိုမို့ထွန်းကတော့ ပါမလာသေးဘူး။ ထောင်ထဲမှာ ကျန်းမာရေးကတော့ ကောင်းတယ်လို့ သိရပါတယ်” ရှေ့နေတယောက်က ပြောပါတယ်။

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကတော့ လက်ရှိမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒေါက်တာရဲလွင်ဟာ လူမှုကွန်ရက်စာမျက်နှာမှာ လက်သုံးချောင်းထောင်တဲ့ ဓာတ်ပုံတင်ခဲ့တာကြောင့် CDM လှုံ့ဆော်တယ်လို့ဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလဆန်းပိုင်းက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေမ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲကာ ထောင်တွင်းတရားရုံးကနေ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ ပြည်သူ့ဝန်ထမ်းက ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံ ဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၄၀၉) နဲ့ ထပ်မံ တရားစွဲဆိုခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ ထောင်ဒဏ် နှစ်နှစ် ထပ်မံ ချမှတ်ခံခဲ့ရတာကြောင့် စုစုပေါင်း ထောင်ဒဏ် လေးနှစ် ကျခံနေရသူဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ စည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျဟာလည်း ပုဒ်မ ၅၀၅(ခ) ၊ ပုဒ်မ (၄၀၉) တို့နဲ့ စုစုပေါင်း ထောင်ဒဏ် လေးနှစ် ချမှတ်ခံထားရသူဖြစ်ပြီး ဒီကနေ့ လွတ်ငြိမ်းမှာ ဒေါက်တာရဲလွင်နဲ့အတူ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ‌သူတို့နဲ့အတူ မန္တလေး အိုးဘိုထောင်မှာ အကျဉ်းကျခံနေရတဲ့ NLD ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကတော့ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့မှာ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင် အသီးသီးက ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၁၁၄)‌ ယောက်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့သလို မြန်မာနိုင်ငံသား အကျဉ်းသား/အကျဉ်းသူ (၉၆၅၂) ယောက်ကို လွတ်ငြိမ်းခွင့်ပြုတယ်လို့ နစက က ကြေညာပြီးနောက်မှာ အင်းစိန် အကျဉ်းထောင်က အကျဉ်းသားတွေကို နေ့လယ် ၁၂ နာရီခွဲဝန်းကျင်ကနေ စတင်ပြီး လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW