မန္တလေးမှာ သင်္ကြန်မဏ္ဍပ်နေရာတွေအတွက် အခွန်ခ ပေးဆောင်ရန်မလိုပဲ ဦးရာလူစနစ်နဲ့ လျှောက်ထားနိုင်

မန္တလေး၊ မတ်- ၁၉- ၂၀၂၄
SA(VOM)

၂၀၂၄ အတာသင်္ကြန်ပွဲတော်အတွက် မန္တလေးမြို့အတွင်းက နေရာတွေမှာ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်နဲ့ စတုဒိသာမဏ္ဍပ် ဆောက်လုပ်ဖို့ နေရာတွေအတွက် အခွန် ပေးဆောင်ဖို့မလိုအပ်ပဲ ဦးရာလူစနစ်နဲ့ လျှောက် ထားနိုင်တယ်လို့မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

ကျုံးပတ်လည် ၂၆ လမ်း၊ ၆၆ လမ်း၊ ၁၂ လမ်း နဲ့ လမ်း ၈၀ က နေရာတွေမှာ ရေကစားမဏ္ဍပ်နဲ့ဖျော်ဖြေရေးမဏ္ဍပ်တွေ တည်ဆောက်မယ်ဆိုရင် ဦးရာလူစနစ်နဲ့ ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်တည်ဆောက်ရေး၊ ဖျော်ဖြေရေးနဲ့ စနစ်တကျရှိစေရေး လုပ်ငန်းကော်မတီကို ဆက်သွယ်ပြီး ၂၀၂၄ ဧပြီလ ၁၀ ရက်နေ့မှာ နောက်ဆုံးထားပြီး လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အရေအတွက် ဘယ်လောက် လျှောက်ထားတယ်ဆိုတာတော့ လောလောဆယ် အတိအကျမသိရသေးပါဘူး တော်တော်များများကတော့ ၂၆ လမ်းနဲ့ ၆၆ လမ်းပေါ်မှာ လာဆောက်နေပြီလို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေးဌာန ဦးစီးမှူး ဦးတင်ထွန်းဦးက VOM ကိုပြောပါတယ်။

အဲ့ဒီအပြင် ကမ်းနားလမ်း၊ မင်္ဂလာမန္တလေး နဲ့ သိပ္ပံလမ်းလို လူစည်ကားရာနေရာတွေမှာ ကိုယ့်အစီစဥ်နဲ့ကိုယ် ကိုယ့်လုပ်ငန်းကုမ္ပဏီရှေ့တွေနဲ့ ကိုယ့်ဌာနတွေရှေ့မှာ ဖျော်ဖြေရေးမဏ္ဍပ် တည်ဆောက်ချင်တယ်ဆိုရင်လည်း တင်ပြပြီး လျှောက်လွှာ လျှောက်ထားနိုင်တယ်လို့ ဦးတင်ထွန်းဦးက ပြောပါတယ်။

မဏ္ဍပ်တွေရဲ့ လုံခြုံရေးအပိုင်းကိုတော့ ကိုယ့်မဏ္ဍပ်နဲ့ကိုယ် လုံခြုံရေးဆောင်ရွက်ရမှာဖြစ်ပြီး လမ်းလျှောက်သင်္ကြန်အတွင်းကို လာရောက်လည်ပတ်မယ့်သူတွေကိုတော့ လမ်းတလျှောက်နဲ့ အဝင်အထွက်တွေကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေက တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၆၆ လမ်းနဲ့ ၇၁ လမ်းကြား ၂၆ လမ်းတလျှောက်ကိုတော့ လမ်းလျှောက်သင်္ကြန်အဖြစ် ဆောင်ရွက်ထားပြီး ၆၆ လမ်း၊ ၁၂လမ်းနဲ့ လမ်း ၈၀ တစ်လျှောက်မှာတော့ ရေက စားမဏ္ဍပ်ကြီးတွေရှိတဲ့အတွက် တလမ်းမောင်းအဖြစ်သတ်မှတ်ထားမှာဖြစ်ပြီး မော်တော်ဆိုင်ကယ်တွေကို လုံးဝပေးဝင်မှာမဟုတ်ပဲ မော်တော်ကားတမျိုးထဲကိုသာ ဝင်ခွင့်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးကမြို့တော်ဝန်ရဲ့မဟာသင်္ကြန်ဗဟိုဆုပေးမဏ္ဍပ်ကြီးမှာတော့ နိုင်ငံကျော်အဆိုတော်တွေ ဖျော်ဖြေဖို့စီစဥ်ထားသလို ယိမ်းအဖွဲ့တွေရဲ့ အကအလှပြိုင်ပွဲကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

“ပျော်ရွှင်ဆင်နွှဲ မန္တလေးသင်္ကြန်ပွဲ” ဆိုတဲ့ခေါင်းစဥ်နဲ့ ဓာတ်ပုံပြိုင်ပွဲလည်း ထည့်သွင်းထားတာဖြစ်ပြီး DSLR camera, Mirrorless camera တွေနဲ့သာ ရိုက်ကူးဖို့ ခွင့်ပြုထားကာ Drone ရိုက်ချက်၊ Gopro နဲ့ ဖုန်း တွေကို အသုံးပြုပြီးရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို လက်ခံသွားမှာ မဟုတ်ဘူးလိုသိရပါတယ်။

မန္တလေးမြို့အတွင်း ဒီနှစ် ၂၀၂၄ သင်္ကြန်မှာ ရိုက်ကူးထားတဲ့ပုံတွေကိုသာ ပြိုင်ပွဲဝင်ဖို့ လက်ခံမှာဖြစ်ကာ ၁၀ လက်မ ၁၄ လက်မ အရွယ်အစားရှိတဲ့ ပုံတွေကို နှစ်ဆန်း ၂ ရက်နေ့ နောက်ဆုံးထားပြီး မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြား ရေးကော်မတီရုံးကို မည်သူမဆိုလာရောက်အပ်နှံ ယှဥ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။

နေပြည်တော်မှာကျင်းပမယ့် သင်္ကြန်ပွဲတော်မှာတော့ ကိုရီးယားနိုင်ငံက K-pop အနုပညာရှင်တွေအပြင် မြန်မာနိုင်ငံက နာမည်ကြီးအနုပညာရှင်တွေကိုလည်း ပါဝင် ဆင်နွှဲနိုင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW