ဖိုက်တင်မင်းသားအဖြစ် အဓိကရိုက်ကူးခဲ့ရတဲ့ နိုင်ငံကျော် ဝါရင့်သရုပ်ဆောင် မြင်စိုင်းသားအောင်အောင်ကွယ်လွန်

ရန်ကုန် – မတ် – ၂၄ – ၂၀၂၄
GG (VOM )
ဖိုက်တင်မင်းသားအဖြစ် အဓိကရိုက်ကူးခဲ့ရတဲ့
နိုင်ငံကျော် ဝါရင့်သရုပ်ဆောင် မြင်စိုင်းသားအောင်အောင် ဒီကနေ့ မတ်လ ၂၄ ရက် မနက် ၉ နာရီ ၂၅ မိနစ်မှာ ကွယ်လွန်သွား ပြီဖြစ်တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။
မြင်စိုင်းသားအောင်အောင်သည် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်းက သူရဲ့နေအိမ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။
” နာတာရှည်ရောဂါခံစားနေရတာ ကြာပြီလေ ၊ အခုတော့သူ ခံစားရတာတွေသက်သာသွားပြီပေါ့။ ရုပ်ရှင်လောကအတွက်တော့ တန်ဖိုးဖြတ်မရတဲ့ဆုံးရှုံးမှုပေါ့။ မိသားစုနဲ့ထပ်တူခံစားရပါတယ်။တခုပြောချင်တာက ကွယ်လွန်မှဝမ်းနည်းမယ့်အစား သက်ရှိထင်ရှားရှိချိန်မှာ အနုပညာရှင်ကိုတကယ်ချစ်မြတ်နိုးတဲ့ဝါရင့်သရုပ်ဆောင်တွေကို ရုပ်ရှင်လောကမှာ နေရာပေးစေချင်ပါတယ် ” လို့မိသားစုနဲ့နီးစပ်သူ ရုပ်ရှင်အစည်းရုံးအဖွဲ့ဝင်ဖြစ်သူ အနုပညာရှင်တဦးကပြောပါတယ်။
မြင်စိုင်းသားအောင်အောင်ဟာ ရုပ်ရှင်သရုပ်ဆောင် ဟေမာန်အောင်အောင်ရဲ့ ဖခင်လည်းဖြစ်ပြီး သူရဲ့လူမှုကွန်ယက်ကနေ
“အဖေ့အတွက် စိတ်ချမ်းသာပါတယ်။ အမေနဲ့သူတွေ့ရပြီမို့” ဆိုပြီး အသိပေးထားပါတယ်။
မြင်စိုင်းသားအောင်အောင်ရုပ်အလောင်းကိုတော့ မြောက်ဥက္ကလာမြို့နယ်က ရေဝေးသုသာန်မှာ သင်္ဂြိုဟ်သွားမှာဖြစ်တယ် လို့ သိရပါတယ်။
မြင်စိုင်းသားအောင်အောင်ဟာ ၁၉၇၂- ၁၉၇၃ ခုနှစ်လောက်မှာ ရုပ်ရှင်လောကကိုစတင်ဝင်ရောက်ခဲ့တာဖြစ်လို့ ရုပ်ရှင်အနုပညာသက်တမ်း ၅၀ ကျော်ရှိ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်ပါတယ်။
ယခင် ရုပ်ရှင်အဖြူအမဲခေတ်ကတည်းက အက်ရှင်ဇာတ်ကြမ်းကားတွေမှာ ဖိုက်တင်မင်းသားနေရာကိုအဓိကရိုက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အက်ရှင်ဇာတ်ကြမ်းကားတွေရိုက်ကူးမှု နည်းလာမှုနဲ့အတူ မြင်စိုင်းသားအောင်အောင်ဟာ သရုပ်ဆောင်ရမှုအပိုင်း နည်းပါးခဲ့ပါတယ်။
မြင်စိုင်းသားအောင်အောင်ဟာ ရုပ်ရှင်အနုပညာ အလုပ်ကိုသာအဓိကလုပ်ကိုင်ခဲ့တာကြောင့် ရုပ် ရှင်ရိုက်ကူးမှုတွေ မရှိသလောက်နည်းချိန်မှာ တိုက်ဆိုင်စွာကျန်းမာရေးလည်းချို့ယွင်းလာပြီး ဆေးကုသဖို့အတွက် အလှူရှင်တွေအကူအညီနဲ့ ရပ်တည်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW