ဝါရှင်တန်၊ ဧပြီ-၂၅-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်းဟာ ရုရှားတပ်တွေကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် အမေရိကန်က လျှို့ဝှက်ပေးပို့လိုက်တဲ့ တာဝေးပစ်ဒုံကျည်တွေကို စတင်အသုံးပြုနေပြီလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
ပေးပို့ခဲ့တဲ့လက်နက်တွေဟာ မတ်လအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အတည်ပြုခဲ့သော ဒေါ်လာသန်း ၃၀၀ တန် အကူအညီပေးရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ယူကရိန်းကို အခုလအတွင်းမှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
သိမ်းပိုက်ခံထားရတဲ့ ကရိုင်မီးယားရှိ ရုရှားပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဒီတာဝေးပစ်ဒုံးကျည်တွေကို တစ်ကြိမ်ထက်မနည်း အသုံးပြုပြီးသွားပြီလို့ အမေရိကန် သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။
လက်ရှိမှာတော့ သမ္မတဂျိုးဘိုင်ဒင်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်ဟာ ယခင်က ယူကရိန်းအတွက် တာလတ်ပစ်ဗျူဟာမြောက် ဒုံးကျည်စနစ် (ATACMS) ကို ထောက်ပံ့ပေးခဲ့ပေမယ့် ပိုမိုအားကောင်းတဲ့ တာဝေးပစ်လက်နက်တွေ ပေးဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။
ဒါပေမယ့်လည်း သမ္မတဂျိုးဘိုင်ဒင်ဟာ ကီလိုမီတာ ၃၀၀ ထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်စနစ်ကို ပေးပို့ဖို့ ဖေဖော်ဝါရီလမှာ လျှို့ဝှက်မီးစိမ်းပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မီဒန့်ပါတယ်က ပြောပါတယ်။
“ အမေရိကန်က ယူကရိန်းအတွက် သမ္မတရဲ့ တိုက်ရိုက်ညွှန်ကြားမှုနဲ့ တာဝေးပစ် (ATACMS) ဒုံးကျည်စနစ်ကို ထောက်ပံ့ပေးခဲ့တာကို အတည်ပြုကြောင်းနဲ့ ယူကရိန်းအတွက် စစ်ဆင်ရေး လုံခြုံမှုကိုထိန်းသိမ်းဖို့ တောင်းဆိုချက်အရ မကြေညာခဲ့ခြင်းဖြစ်တယ်”လို့ သူက ပြောဆိုပါတယ်။
Ref:BBC
Photo:Reuters
ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်စနစ်တွေ အမေရိကန် လျှို့ဝှက်ပေးပို့ခဲ့
