တွံတေးခရိုင်တခုလုံးကို ညမထွက်ရအမိန့် ပြောင်းလဲလိုက်တာကြောင့် ပြည်သူတွေ အခက်တွေ့



ဧပြီ ၂၉ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်းရှိ တွံတေးခရိုင်တခုလုံးကို ညမထွက်ရအမိန့် တိုးမြှင့်လိုက်တာကြောင့် အခက်တွေ့ နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။

တွံတေးခရိုင်အတွင်းက တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလနဲ့ ဆိပ်ကြီးခနောင်တို မြို့တွေအားလုံးကို ညမထွက်ရအချိန် ပြောင်းလဲ တိုးမြှင့်လိုက်တာဖြစ်ပြီး အရင် ထုတ်ပြန်ထားတဲ့ မနက် ၁ နာရီကနေ မနက် ၃ နာရီအတွင်း ညမထွက်ရအချိန်အစား ဧပြီလ ၂၅ ရက်နေ့ကစလို့ ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း ညမထွက်ရလို့ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီခရိုင် ငါးမြို့နယ်ထဲက စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေ၊ အခြေခံ လက်လုပ်လက်စား ပြည်သူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အခုလို ညမထွက်ရအမိန့် ထွက်ပေါ်လာပြီးနောက် ဒလမြို့ကနေ ရန်ကုန်ဘက်ခြမ်းကို သွားလာနေတဲ့ စက်သမ္ဗာန်တွေကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်အရ မနက် ၅ နာရီကနေ၊ ည ၁၀ နာရီအတွင်းသာ ပြေးဆွဲဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က ညဘက်ဆို စီးတဲ့ခရီးသည်ရှိတဲ့အချိန်အထိ သမ္ဗာန်မောင်းရတာ။ ခရီးသည်ကုန်မှ အိမ်ပြန်တာ။ ညဆို ၁၁ နာရီကျော်တဲ့အထိ သမ္ဗာန်မောင်းရတယ်။ အခုလို သတ်မှတ်လိုက်တော့ စီးတဲ့ခရီးသည်လည်း ဒုက္ခရောက်၊ ကျွန်တော်တို့လည်း ဒုက္ခရောက်တာပေါ့” လို့ ဒလ – ရန်ကုန် သဗ္ဗာန်မောင်းသူတယောက်က ပြောပါတယ်။

ဒါအပြင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တွေအတွင်းက ဥယျာဉ်ခြံလုပ်ငန်း အပါအဝင် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့လည်း ဒီ ညမထွက်ရအမိန့်ကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။

“ရော်ဘာ အစေးခြစ်တာက ည ၁၁ နာရီ၊ ၁၂ နာရီ အချိန်လောက်မှ အဆင်ပြေတာ။ အဲ့အချိန်လောက်ဆို အအေးဓာတ်ရှိတော့ အစေးပိုထွက်တယ်လေ။ ပူတဲ့အချိန်ဆို အစေးထွက်နည်းတယ်။ အခု သူတို့ သတ်မှတ်လိုက်တဲ့ အချိန်နဲ့ဆို ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူး” လို့ တွံတေးမြို့နယ်က ရော်ဘာအစေးခြစ်လုပ်သား တယောက်က ပြောပါတယ်။

ဒါအပြင် ဒလမြို့ကနေ ရန်ကုန်တဖက်ကမ်း ဈေးလာရောင်းတဲ့ ပျံကျဈေးသည်တွေလည်း ညမထွက်ရအချိန် တိုးမြှင့်လိုက်တာကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။

“ညနေဘက်ဆို ၄ နာရီလောက် ဈေးရောင်းထွက်ကြတယ်။ ညဘက်ရောင်းတယ်ဆိုလို့ရှိရင် ၁၀ နာရီလောက်မှ သိမ်းကြတာပေါ့။ အခု သူတို့သတ်မှတ်ထားတဲ့အချိန်က ည ၁၀ အထိပဲဆိုတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ နဂိုကတည်းက ညဘက် လူပါးလို့ ရောင်းမကောင်းရတဲ့ကြားထဲ အခုလိုဆိုတော့ ပိုဆိုးတာပေါ့။ စီးပွားရေးကမကောင်း၊ ကုန်ဈေးနှုန်းက ခေါင်ခိုက်နေတော့ ပိုက်ဆံ ရ‌သလောက်လေး ရှာချင်တာလေ။ သူတို့က ဒီလိုဆိုမှတော့လည်း ဘာမှ မတတ်နိုင်ဘူးပေါ့” လို့ ဒလမြို့နယ်မှတဆင့် ရန်ကုန်၊ ဗိုလ်တထောင်ဆိပ်ကမ်းကို လာရောက် ဈေးရောင်းချသူတယောက်က ပြောပါတယ်။

ဒါ့အပြင် ညအချိန် ငါး၊ ပုစွန်ဖမ်းမှသာ အဆင်ပြေတဲ့ ဒလ၊ ဆိတ်ကြီးခနောင်တိုမြို့နယ်တွေက တံငါသည်တွေအနေနဲ့လည်း အခုလို ညမထွက်ရအချိန် ပြောင်းလဲလိုက်တာနဲ့ ပတ်သက်လို့ များစွာ အခက်အခဲဖြစ်နေရတယ်လို့ ပြောပါတယ်။

“ညအချိန်မတော် ငါးရဖို့ လှေပေါ်မှာ စောင့်ရတာမျိုး ရှိတယ်။ ဒီအချိန်ပဲ ငါးရတာဆိုတော့ ဒီအချိန်မှ အလုပ် မလုပ်ရရင် ငတ်ဖို့ပဲ ရှိတော့တယ်” လို့ ဆိတ်ကြီးခနောင်တိုမြို့နယ်က တံငါသည်တယောက်က ပြောပါတယ်။

အခုလို ညမထွက်ရအချိန် ပြောင်းလဲ သတ်မှတ်လိုက်တာဟာ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့၊ ည ၉ နာရီဝန်းကျင်မှာ ကွမ်းခြံကုန်းအပိုင်၊ သစ်ကုန်းရွာက ရာအိမ်မှူးအိမ် ဝင်ရောက် ပစ်ခတ်ခံမှုကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ့ ပစ်ခတ်ခံရမှုမှာ ရာအိမ်မှူး ဦးသိန်းဝင်းနဲ့ မြေးဖြစ်သူတို့ သေဆုံးခဲ့ပြီးနောက် အခုလို ညမထွက်ရအမိန့်ကို ပြောင်းလဲ ကြေညာလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ရန်ကုန်တိုင်းအတွင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားရာက မနက် ၁ နာရီမှ မနက် ၃ နာရီအဖြစ် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

နစက ပြင်ဆင်ထားတဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ ကျူးလွန်သူတွေကို အနည်းဆုံး ထောင်ဒဏ် ခြောက်လကနေ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းက ကျန်တဲ့မြိုနယ်တွေမှာတော့ ညမထွက်ရအမိန့်ကို အရင်အတိုင်း မနက် ၁ နာရီကနေ မနက် ၃ နာရီအထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW