မေ ၈ – ၂၀၂၄
SN (VOM)
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီး လူကူးခုံးတံတားပေါ်ကနေ ဒီကနေ့ မေ ၈ ရက်က လူငယ်တယောက် ခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။
အဲဒီဖြစ်စဥ်ဟာ ဒီကနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး ခုံးတံတားပေါ်က ခုန်ချခဲ့သူဟာ အသက် ၂၀ ကျော်အရွယ် လူငယ် အမျိုးသားတယောက် ဖြစ်တယ်လို့ သိရပါတယ်။
“ကောင်လေးက သွေးတွေကတော့ အများကြီး ထွက်နေတာ။ ခဏနေတော့ လူမှုကူညီရေးအသင်းကား ရောက်လာပြီး ခေါ်သွားတာတွေ့တယ်” လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက် သိရှိလိုတာကြောင့် သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းဆီ VOM က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာတော့ မဖြေဆိုခဲ့ပါဘူး။
လက်ရှိကာလအတွင်း အလားတူ ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းတံတားပေါ်ကနေ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးငယ်တယောက် ခုန်ချမှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီလိုပဲ မတ်လ ၂၀ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ချောင်းကူးတံတားပေါ်ကနေ အသက် ၅၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတယောက် ခုန်ချမှု ဖြစ်ပွားခဲ့တာမှာ ရေထဲမကျဘဲ တံတားအောက်က အုတ်ခုံပေါ်ကျကာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo: Medical လူငယ်များ လူမှုကူညီရေးအသင်း
စံပြဈေးအနီး လူကူးခုံးတံတားပေါ်က လူငယ်တယောက် ခုန်ချမှုဖြစ်ပွား
