ဓာတ်ရထားမှသည် မီနီအိုးဝေသို့

 

 

ဆူးငှက်

 

 

မန္တလေး ရတနာပုံ နေပြည်တော် တည်ထောင်ရာတွင် သတ္တဌာန အပါအဝင် ဖြစ်သည့် နန်းတော်မြို့ရိုးကို သာသနာ ၂၄ဝဝပြည့်နှစ် အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့် စတုရန်းတည်၍ မြို့ရိုးအနား တစ်ဘက်လျှင် တာ ၆ဝဝ စီဖွဲ့လျက် ကိုက်ပေါင်း ၂၂၁၆ကိုက်၊ လေးဘက်ပတ်လည် စုစုပေါင်း ၅မိုင်၁ဖာလုံရှည် စတုရန်းအကွက်ချ တည်ဆောက် သည်။ တစ်မျက်နှာလျှင်၁မိုင်၂ဖာလုံကျော်မျှ ရှိသည်ဟု ခန့်မှန်းနိုင်သည်။

 

 

မြို့ရိုးထုအမြင့် ၂၇ပေ၊ ထု ၁ဝပေရှိ၏။ မြို့ရိုးတစ်လျှောက် သူရဲခိုများထားရှိရာသူရဲခို ၃၈ဝဝ ခန့်ရှိသဖြင့် ရှေးခေတ်မြန်မာစစ်သည် အင်အား သုံးနိုင်ပုံကို ခန့်မှန်းနိုင်သည်။ သူရဲခိုများတွင် သေနတ်ပစ်ရန် အပေါက်ငယ်မှာ ၂ပေ၉လက်မကျယ်ဝန်း၏။ ၁ပြကြားတွင် သူရဲခိုပေါင်း ၇ဝ ရှိသည်။

 

 

မြို့ရိုးတစ်လျှောက် တံခါးမကြီး ၁၂၊ ထောင့်ပြကြီး(ပြာသာဒ်) လေးလုံး၊ ပြငယ်(ပြာသာဒ်ငယ်) ၃၂၊ စုစုပေါင်း ပြာသာဒ်၄၈ဆောင် ရှိသည်။ နန်းမြို့ရိုး၏ မြို့ဝင်မြို့ထွက် တံခါး ၁၂ခုရှိသည်။ မြို့ရိုးတစ်မျက်နှာ သုံးပေါက်စီ၊ အလယ်ကတံခါးမကြီးအဖြစ် ကျုံးကူးတံတား နှင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အလယ်တံခါးပေါက်ကို ဓာတ်တံခါး များဟု ခေါ်ဆိုပြီး ဝဲယာတံခါးငယ်များကိုမိတ်တံခါးဟု ခေါ်ဆိုသတ်မှတ်သည်။ ဓာတ်တံခါး ၄ရပ်မှာ ပြာသာဒ်ဘုံ ၇ဆင့်၊ မိတ်တံခါး ၈ရပ်မှာ ပြာသာဒ်ဘုံ၅ဆင့်၊ ထောင့်ပြကြီး ၄ခုနှင့် ပြငယ် ၃၂ ခုများမှာ ပြာသာဒ်ဘုံ ၅ဆင့်စီဆောက်လုပ်ရသည်။ ယင်းတို့ကို သစွေးသရိုး၊ ဟင်္သာပြဒါးရွှေချမွမ်းမံရသည်။

 

 

မန္တလေးမြို့ကွက်ရိုက်ရာတွင် နန်းမြို့ကို အခြေခံသည်။ မြို့ရိုး လေးဘက်လေးတန်တွင် လူနေရပ်ကွက် များဖြင့်ဖွဲ့စည်းရာတွင် အလယ်ကောင် ဓာတ်တံခါးကြီးနှင့် တည့်တည့်တွင် အဓိကလမ်းမကြီး၊ ဘေး တစ်ဖက် တစ်ချက် မိတ်တံခါးနှင့်တည့်တည့်တွင် လမ်းမနှင့်၊ အဆိုပါ ဓာတ်တံခါးနှင့် မိတ်တံခါးများကြားမှ ပြအိုးများနှင့် တည့်တည့်တွင် လမ်းသွယ်များအဖြစ်ဖောက်လုပ်သည်။ ထို့ကြောင့် တာ ၆၀၀ အရှည်ရှိသော ကျုံးတစ်ဖက်စီတွင် ဓာတ်တံခါး ၁၊ မိတ်တံခါး ၂၊ ထောင့်ပြာသာဒ် ၂ နှင့်ပြအိုး ၈လုံး ရှိရာအဆိုပါ ပြာသာဒ်များနှင့် တည့်တည့်တွင် လမ်း၁၂ လမ်းရှိသည်။ ထို ၁၂လမ်းကြားကို တစ်ပြဟုခေါ်သည်။ပြအိုးပြသာဒ်ကို ကိုယ်စားပြုကာ တစ်ပြဟု ခေါ်ခြင်းဖြစ်သည်။ မြို့ရိုးတစ်ဖက်တွင် တာ ၆၀၀ (၂၂၁၆ ကိုက်) ရှိသဖြင့် တစ်ပြလျှင် တာ ၅၀ (၁၈၅ ကိုက် = ၅၅၅ပေ ခန့်) ရှိသည်။ ထိုအကွာအဝေးအတိုင်း ကန့်လန့်ဖြတ်လမ်းများဖောက်သောအခါ မန္တလေးမြို့ကွက်သည် တစ်ပြပတ်လည် (၅၅၅ပေ ပတ်လည်ရှိ) ဝင်းကြီးများ အဖြစ် ဖွဲ့စည်းသည့် မြို့ကွက်ပုံစံ ဖြစ်ပါ၏။ တကယ်တော့မန္တလေးတစ်ပြမှာထင်သလောက် မဝေးလှပါ။

 

 

မင်းနေပြည်ခေတ်ကတော့ မြို့တွင်းသွားလာရေးအတွက် ခြေကျင်၊ မြင်း၊ နွားလှည်းတို့ကို အဓိကထား အသုံးပြုခဲ့ကြသည်။ ခရစ်နှစ် ၁၈၈၅ခုနှစ် နိုဝင်ဘာလတွင် အင်္ဂလိပ်က သိမ်းပိုက်ပြီးနောက် အနောက်နိုင်ငံမှ မြို့ပြဆိုင်ရာ စီမံအုပ်ချုပ်မှု ပုံစံပြောင်းကာ မြို့တွင်းသွားလာရေးကို ပြောင်းလဲရာတွင် လျှပ်စစ်နှင့် သွယ်တန်းပြေးဆွဲသည့် ဓာတ်ရထား စံနစ်ကို စတင် အသုံးပြူသည်။ မန္တလေးတွင် ဓာတ်ရထားများကို နှစ်ပေါင်း၃၀နီးပါး သုံးစွဲပြီးနောက် ရပ်ဆိုင်းလိုက်ရ၏။ ဓာတ်ရထားများကွယ်ပျောက်ရခြင်း အကြောင်းရင်းကလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ ထို့နောက် အင်္ဂလိပ်၏ ဓာတ်ရထား စီမံကိန်းအပြီး နှစ်ပေါင်း ၁၀၅နှစ်အကြာ ၁၉၉၀တွင် စီမံဆောင်ရွက်ခဲ့သော မန္တလေးမြို့ပတ် ရထားစီမံကိန်းလည်း ပေါ်ပေါက်ခဲ့သည်။မြို့ပတ်ရထားစီမံကိန်းကား ၃နှစ်ဝန်းကျင်မှာပင် ဖျက်သိမ်းလိုက် ရသည်။ လက်ရှိ မန္တလေး၏ မြို့ပြ အကျယ်အဝန်း ၊ လူဦးရေ၊မြို့ပြဖွဲ့စည်းပုံနှင့် မြို့တွင်း သယ်ယူ ပို့ဆောင်ရေးစံနစ်များ ခေတ်မီ အဆင်ပြေစေရေးတွင် အတိတ်က စီမံကိန်းများ၏အကြောင်းအကျိုးများသည်လည်း လေ့လာ သုံးသပ်ဖွယ် ဖြစ်ပါ၏။

 

 

ခရစ်နှစ် ၁၈၈၇ (သက္ကရာဇ် ၁၂၄၉) ခုနှစ်၌ မန္တလေးတွင် အင်္ဂလိပ်က မြူနီစီပယ် ဖွဲ့သည်။ ထို့နောက် မန္တလေးမြို့တွင်းဓာတ်ရထားလမ်းကို ၁၉၀၄ခု ဇူလိုင်၁၄ရက် (၁၂၆၆ခု၊ ဒုတိယဝါဆိုလဆန်း၃ရက်) က လက်ထောက် ဘုရင်ခံ ဆာဟရူးဘာနီ (ဘန်းစ်)က ဖွင့်လှစ်ပေးခဲ့ပြီး ၈၄လမ်းတစ်လျှောက် ရှမ်းစုအထိ လမ်းကိုမူ ၁၉၀၇ခု၊ ဇန်နဝါရီလ ၂၆ရက် (၁၂၆၈ခု၊ တပို့တွဲလဆန်း၁၄ရက်) နေ့တွင် တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။ မန္တလေး ဓာတ်ရထားလမ်းများအား ၁၉၀၄ခုနှစ်တွင် ဓာတ်ရထားဆိုသည်မှာသွယ်တန်းထားသော ဓာတ်ကြိုးတစ်လျှောက် အမိုးပေါ်ရှိ လက်တံဖြင့် ထိကာ လျှပ်စစ်ဓာတ်အားဖြင့် ပြေးဆွဲရသော ယာဉ်ဖြစ်သည်။ မန္တလေးတွင် ပြေးဆွဲသော ဓာတ်ရထားများကို လန်ဒန်မှ Dick Kerr & Co. Ltd of Preston, Londonကုမ္ပဏီကတာဝန်ယူ ပြေးဆွဲခြင်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် ဘာစီလိုနာ၊ မက်ဒရစ်နှင့် ကာလကတ္တားမြို့များ၌ လည်း ဓာတ်ရထားများ ဖောက်လုပ် ပြေးဆွဲခဲ့သည်။

 

 

မန္တလေး၌ ပြေးဆွဲခဲ့သော ဓာတ်ရထားများမှာ တစ်ထပ်သာရှိပြီး ဘေးတံခါးများ မပါရှိသော ဟင်းလင်းဖွင့်များဖြစ်၏။ လူ ၄၈ ယောက်စီး ဓာတ်ရထား ၂၄ စီးဖြင့် ပြေးဆွဲခဲ့သည်။ မန္တလေးမြို့အတွင်း ဓာတ်ရထားလမ်းမှာ ၆မိုင်ခွဲခန့် ရှည်ကာအသွားလမ်းတစ်လမ်း၊ အပြန်တစ်လမ်း ဖောက်လုပ်ထားသည်။ ဘုရားကြီးနှင့် ရုံးကြီး၊ ရုံးကြီးနှင့် ဂေါဝိန် လမ်းနှစ်လမ်းရှိကာခရီးဆုံးဘူတာများကား ရှမ်းစုဘူတာ၊ မန္တလေးဂေါဝိန်ဆိပ်နှင့် ရုံးကြီးတို့ဖြစ်သည်။

 

 

၁၃၀၀ ပြည့်နှစ်ဝန်းကျင်၌ ရှေ့၌ ဦးခေါင်း ချွန်ကြီးများ ပါရှိသော ဆိုက်ကားများ ပေါ်လာပြီး ထိုဆိုက်ကား များကိုလည်း အစီးများ လာပြန်၏။ ဆိုက်ကားများကား မြန်မာအမျိုးသားအများစု၏ တစ်ဦးချင်းစီ အသီးသီး ပိုင်ဆိုင် ကြသည့် ပုံစံဖြစ်သည်။ ထိုအခါ အင်အားကြီး အရင်းရှင် ကုမ္ပဏီကြီးက တစ်နေကုန်စီး ၃ပဲတန်လက်မှတ်များ ရောင်းချကာ ၃ပဲဖြင့်တစ်နေကုန် ခေါက်တုံ့ခေါက်ပြန် စီးချင်သလောက်စီး။ ထိုလက်မှတ်ဖြင့်ပင် ထိုနေ့အတွက် မည်သူ့ မဆို လက်လွှဲစီးနိုင်သည့် စနစ်ကို တီထွင်ခဲ့သည်။ သို့သော် ၁၃၀၀ ပြည့်ဝန်းကျင်က အမျိုးသားရေးစိတ်ဓာတ် တံခွန် အမြင့်မားဆုံး အချိန်ဖြစ်သည်။ ထိုစိတ်ဓာတ်ဖြင့်ပင် အမျိုးသားပိုင် ဆိုက်ကားများကိုပဲ ဝိုင်းဝန်း အားပေးခဲ့ သောကြောင့် အင်အားကြီး ဓာတ်ရထား ကုမ္ပဏီကြီးဓာတ်ရထားကုမ္ပဏီကြီး အရှုံးပေး နောက်ဆုတ်ကာ ဓာတ်ရထားများ ဖြုတ်သိမ်း သွားရသည့် အဖြစ်အပျက်မှာလည်း မှတ်သားဖွယ်ရာ ဖြစ်ပါသည်။

 

 

မန္တလေးမြို့၏ ပထမဆုံး မြို့ပတ်ရထားလမ်းကို ၁၉၉၀ပြည့်နှစ် ဇန်နဝါရီ၄ရက်နေ့က အနောက် မြို့ပတ် ရထားလမ်းအဖြစ် ဖွင့်လှစ်ခဲ့သည်။ ဘူတာကြီးမှ အနောက် ၃၅ အေလမ်းအတိုင်း အနောက် မြစ်ဆိပ်သို့ မူလသစ်တင် ဆီတင် ရထားလမ်းအတိုင်း ဆင်းပြီး ကမ်းနားလမ်းအရောက် မြောက်သို့ အသစ် ဆက်ဖောက်သည်။ ထို့နောက် ၂၆ဘီလမ်း အနောက်ထိပ် ပိုက်ကျုံးတွင် ၂၆ဘီလမ်းမကြီး လမ်းလယ်အတိုင်း အရှေ့ ၈၆လမ်း ရွှေတချောင်း၊ ထိုမှ မြောက် ၈၆လမ်းအတိုင်း ရွှေတချောင်း မြောင်းဘောင်အတိုင်း မြောက်သို့ ရေကြည် မဲအိုးတန်းညောင်ပင်ဈေး ကြံခင်း ဗြစ်စက်မှ အိုးဘိုဘူတာသို့ဝင်သည်။

 

 

အရှေ့မြို့ပတ်ရထားလမ်းကို ၁၉၉၁ခုနှစ် ဇွန်လ ၂ရက်နေ့တွင် ထပ်မံ ဖွင့်လှစ်ပြီး ဘူတာကြီးမှ တောင်သို့ ရှမ်းစု မြို့ဟောင်းအထိ မူလလမ်းအတိုင်း၊ ထိုမှအရှေ့ လာရှိုး ရထားလမ်းအတိုင်း အရှေ့တက်ကာ သိုးခြံကန်သာယာ ယဉ်ပျံနန်းရှေ့ နွယ်နီမန္တလေးတောင်မှတဆင့် သူရဲဈေးသို့ ဝင်သည်။ မြို့ပတ်ရထားလမ်းများက ၁၉.၃၂ မိုင်ရှိသည်ဟု ဆိုသည်။ မြို့ပတ်ရထားများကိုကားရထားများဖြင့် ပြေးဆွဲပြီး အထူးသဖြင့် အနောက်မြို့ပတ်လမ်းတွင် ယာဉ်အသွားအလာ ရှုပ်ထွေးသော ၂၆ဘီလမ်းမကြီးအလယ်ခေါင်တွင် ရထားလမ်း ဖောက်ထားသောကြောင့် မကြာခဏ ဆိုသလို မတော်တဆမှုများ ဖြစ်ကာ အသက်ဆုံးရှုံးမှုများပင် ကြုံကြရသည်။ မန္တလေး၏ သယ်ယူပို့ဆောင်ရေးတွင် (ထိုအချိန်က) စက်ဘီးဆိုက်ကား မြင်းလှည်းများကသာ အသုံးတည့်သည့်အပြင် မြို့ပတ်ရထားများက အန္တရာယ်များလှသည့်အတွက် မကြာမီ ရပ်ဆိုင်းကာ အနောက်မြို့ပတ်ရထားလမ်းကိုလည်းဖျက်သိမ်းလိုက်သည်။

 

 

အရှေ့မြို့ပတ် ရထားလမ်းကိုလည်းမူလက မန္တလေးတောင်မှတဆင့် သူရဲဈေးဘူတာ လမ်းကြောင်းအစား နွယ်နီဘူတာမှ ရွှေကျင် သူရဲဈေးလမ်းကြောင်းပြောင်းခဲ့သည်။ ထို့နောက် ရှေးယခင် ကတည်းက ဘူတာကြီးမှ နန်းတွင်းကို ဖြတ်သန်းကာ သူရဲဈေးဘူတာမှတဆင့် မတ္တရာသို့ ပြေးဆွဲသည့် ရထားလမ်းကြောင်းအစား နန်းတွင်း ဖြတ်သည့် လမ်းကြောင်းကိုဖျက်သိမ်းကာ ဘူတာကြီး မှ အရှေ့မြို့ပတ်လမ်းအတိုင်း သူရဲဈေးဝင်ကာ မတ္တရာသို့ ခေါက်ပြန် ပြေးဆွဲခဲ့သေးသည်။ အခုတော့မန္တလေး၏ သယ်ယူပို့ဆောင်ရေးက မီနီအိုးဝေပေါ့။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #ဓာတ်ရထားမှသည်မီနီအိုးဝေသို့

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW