စစ်ကိုင်းမြို့နယ်မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရဲ့ မိသားစု သုံးလောင်းပြိုင် အသတ်ခံရ



မေ ၊ ၁၁ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ရေခါးကျေးရွာမှာ မနေ့ မေ ၁၀ ရက်ညပိုင်းက သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ရေခါးရွာထိပ်နေရာမှာ ပစ်သတ်ခံထားရသူ သုံးယောက်က ဦးစောမောင်မြင့် (၃၈)နှစ်၊ မောင်ဝေယံဖြိုး (၁၈) နှစ်နဲ့ ဦးခင်မောင်မြင့် (၄၀)နှစ် တို့ဖြစ်တယ် ၊ အဲ့ဒီ သေဆုံးသူတွေဟာ အုပ်ကြီးရဲ့ သားရယ် ​မြေးရယ် ညီရယ် တော်စပ်ကြတယ် ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က

” ၁၀ ရက်ညက ရေခါးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း ဆိုသူကို PDF အဖွဲ့က ဖမ်းဆီးဖို့ဆိုပြီး လူ ၇ ယောက်နဲ့ ကားတစီးရောက်လာတယ်၊ အဲ့ဒီ အချိန်မှာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းဆိုသူက ရှောင်တိမ်းနေတော့ သူ့ကို ဖမ်းမိတာမရှိဘူး ၊ အဲ့ဒါနဲ့ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းရဲ့ သားဖြစ်သူ နဲ့ မြေးဖြစ်သူ အပါအဝင် ညီဖြစ်သူ စုစုပေါင်း သုံးယောက်ကို PDF က နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာထိပ်မှာ ပစ်သတ်ထားခဲ့တာဖြစ်တယ် ၊ အဲ့ဒီ ကိစ္စကို စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက် နေ့လယ် ၂ နာရီဝန်းကျင်က စစ်ကိုင်းမြို့ ၊ တင်းထိပ်ရပ်ကွက် ၊ မုံရွာ – မန္တလေးကားလမ်း သစ္စာရှင် ကြိမ်ထည် လက်မှုပစ္စည်း အရောင်းဆိုင်နားမှာ တင်းတိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလင်းအောင် ၊ ၃၂ နှစ် ဆိုသူ ပစ်သတ်ခံရပြီး ၊ ဧပြီ ၁၆ ရက် မနက် ၆ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့နယ် ၊ မင်းကွန်းဒေသ ၊ ရေခါးရွာမှာနေတဲ့ ကိုအောင်အောင်ထွေး ၄၇ နှစ်ဆိုသူဟာ မိုင်းထောင်နေရင်း မိုင်းအယ်ရာ ဖြစ်လို့ ပေါက်ကွဲပြီး သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း မေ ၇ ရက် စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ သုခကာရီ လူမှုကူညီရေး အဖွဲ့က ကိုဇင်ဖြိုးအောင် (ခ) ဖက်တီး ၊ ကိုအောင်သူ ၊ ကိုအာကာဖြိုးကျော်၊ ကိုအောင်အောင်၊ ကိုစိုးဝင်း၊ ကိုအေးဇာနည်ထွန်း ၊ စျေးသည် ကိုချစ်မင်းဦး အပါအဝင် ပရဟိတသမား ခုနှစ်ယောက်ကို PDF ထောက်ပို့ပေးလို့ဆိုပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့က ဖမ်းဆီးအရေးယူခဲ့တဲ့ ဖြစ်စဥ်တွေ ရှိတယ်လို့ လည်း သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW