မေ ၁၄ – ၂၀၂၄
GG (VOM)
မွန်ပြည်နယ်၊ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တံတားကိုရှောင်ကွင်းသွားလာနေတဲ့ တောလမ်းမှ ကားလေးတွေသွားလာနေကြရာ ဒီနေ့မေ ၁၄ ရက်မှာ တောလမ်းမှာပါတိုက်ပွဲဖြစ်ပွားလာလို့ ကားတွေသွားလာမရဘဲ ပိတ်မိနေတယ်လို့သိရပါတယ်။
ကျုံအိတ်တံတားပျက်ကို ရှောင်ကွင်းပြီး ဒုံဝန်းရွာနဲ့ ဒေါက်ရပ်ရွာ ချင်းဆက် တောလမ်းကနေ သွားလာရတာဖြစ်ကြောင်း၊ အရင်ရက်ကလည်း တောလမ်းမှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲကာ ရွာသားအချို့သေဆုံးမှုတွေအထိရှိခဲ့တယ်လို့သိရပါတယ်။
” မနေ့က အထိ တောလမ်းမှာ လက်နက်ကြီးကျပေါက်ကွဲတာတွေရှိတယ်၊သေဆုံးသူတွေရှိသလို နေအိမ်တွေမီးလောင်တာရှိနေတယ်၊အသေးစိတ်ကတော့သေချာမသိရသေးဘူး၊ မလိုအပ်ရင်တောလမ်းကမသွားတာကောင်းတယ်။ဘယ်အချိန်ဘာထဖြစ်မယ်ဆိုတာမပြောနိုင်ဘူး။ခုဒီနေ့လည်း ပစ်ခတ်သံတွေကြားရတော့ ကားတွေကမသွားရဲဘူးပိတ်မိနေကြတာပေါ့။ အသံရပ်ရင်သွားကြပေါ့ ၊လမ်းကလည်းတောလမ်း မိုးရွာရင်မပြေဘူး ” လို့ ဘီးလင်းဒေသခံတယောက်ကပြောပါတယ်။
အဆိုပါ ကျေးရွာ ချင်းဆက်တောလမ်းကနေ ကားသေးတွေ အပြင်ကားကြီးတွေပါသွားလာနေကြရပြီး လမ်းကျဉ်းလို့ကားတွေ ကားတွေသွားလာရခက်ခဲသလို တိုက်ပွဲကြောင့်လည်း ကားတွေဟာ တောလမ်းမှာအချိန်၆ နာရီလောက်အထိကြာအောင်ပင် စောင့်ဆိုင်းသွားလာနေကြရပါတယ်။
ဒါကြောင့် ခရီးသည်အချို့ကတော့ လေကြောင်း ၊ရထားခရီးစဉ်နဲ့ သွားသူတွေလည်းရှိတဲ့အတွက် လေယာဥ်လက်မှတ်တွေကလည်း စျေးမြင့်တက်ပြီး လာမယ့် ၂၂ ရက်နေ့လောက်အထိ လက်မှတ်အမှာတွေပြည့်နေတယ်လို့သိရပါတယ်။
အလားတူရထားခရီးစဥ်မှာဆိုရင်လည်း ပုံမှန်ရထားခရီးစဥ်ထက် အမြန်ရထားခရီးစဥ်တကြောင်းထပ်မံတိုးချဲ့ပြေးဆွဲနေပေမယ့်လည်း ရထားစီးနင်းသူများတာကြောင့် ခုံမဲ့စီးနင်းလိုက်ပါရသူတွေပင်ရှိနေပါတယ်။
” ရထားကလည်းအပြည့်၊လေကြောင်းကလည်းအပြည့်ပဲ၊လေကြောင်းကလည်း ခရီးစဥ် တကြောင်းကို ၁၉၀၀၀၀ လောက်ရှိတယ်၊တော်ရုံလူတော့မသွားနိုင်ဘူးငွေကြေးပြည့်စုံသူလောက်ပဲ၊အခြေခံနဲ့လူလတ်တန်းစားတွေကတော့ ရထားတိုးစီးကြရတာပေါ့။လောလောဆယ် လုံခြုံတာကအဲ့နှစ်ခုပဲရှိတာ ၊တောလမ်းက အန္တရာယ်များပါတယ်” လို့မော်လမြိုင်ဒေသခံတဦးကမှတ်ချက်ပြုပါတယ်။
ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် မော်လမြိုင်မှာ စက်သုံးဆီ
ပြတ်တောက်မည်ကိုစိုးရိမ်တာကြောင့် ဒေသခံတွေက စက်သုံးဆီကိုအလုအယက်တန်းစီဝယ်ယူနေကြပြီး လက်ရှိမှာတော့ ဓာတ်ဆီ၊ဒီဇယ် စျေးတွေမြင့်တက်လာနေတယ်လို့သိရပါတယ်။
” ဓာတ်ဆီတလီတာကို ၃၀၀၀ ကျော်တယ်၊ပုံးနဲ့မရတော့ဘူး၊ဆိုင်ကယ်ထဲပဲထည့်လို့ရတယ်၊ဒီဇယ်ဆိုလည်းတက်တာပဲ၊ တပေပါကို တရက်၆၀၀၀၀ လောက်တက်နေတယ်၊ခုပုံဆိုဆီကပြတ်နိုင်တယ်၊အခုတောင်ဆိုင်တိုင်းသိပ်မရတော့ဘူး” လို့ မော်လမြိုင်ဒေသခံကဆက်ပြောပါတယ်။
ကျုံအိတ်တံတားကတော့ မေလ ၁၁ ရက်နေ့မနက်အစောပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး အဲ့ဒီ နေ့ကတည်းက မော်လမြိုင်ကို ရန်ကုန်ကနေ ကုန်ပစ္စည်းအဝင်ယာယီပြတ်တောက်ခဲ့သလို စက်သုံးဆီလည်းဝင်ရောက်မှုမရှိသေးပါဘူး။
ဒါကြောင့် ကျုံအိတ်တံတားကို အမြန်ဆုံးပြုပြင်နိုင်ရန်အတွက် သက်ဆိုင်ရာ ကုမ္ပဏီနဲ့ လမ်းဦးစီးအဖွဲ့တွေက မြေသယ်နှစ်စီး ဘက်ဟိုးနှစ်စီးနဲ့ ပြုပြင်ဆောင်ရွက်နေစဥ် ဒရုန်းဗုံးနဲ့ထပ်မံတိုက်ခိုက်ခံရတာကြောင့် တံတားပြုပြင်မှုရပ်နားထားရတယ်လို့သိရပါတယ်။
Photo:CJ