ရွှေလီရောက် နှစ်ကြာ လုပ်သားတွေကိုလည်း တရုတ်ရဲတွေက တအိမ်တက်ဆင်း လိုက်လံစစ်ဆေးပြီး မြန်မာဘက် ပြန်ပို့နေ

မေ ၁၄၊ ၂၀၂၄
Shy V (VOM)
မြန်မာ – တရုတ်နယ်စပ်၊ ရွှေလီရောက်တာ နှစ်ကြာနေပြီဖြစ်တဲ့ လုပ်သားတွေကိုလည်း ဒီရက်ပိုင်း အတွင်း တရုတ်ရဲတွေက တအိမ်ဝင် တအိမ်ထွက် လိုက်လံ စစ်ဆေးပြီး မြန်မာဘက် ပြန်ပို့နေကြောင်း ရွှေလီရောက် မြန်မာ လုပ်သားတွေဆီက သိရပါတယ်။
“ကျွန်မ အလုပ်လုပ်တဲ့ ဆိုင်နားက အနှိပ်ခန်းမှာလုပ်တဲ့ မြန်မာ လုပ်သားတွေ တပုံကြီး ကား သုံး စီးနဲ့ လာခေါ်တာ တောင် အခုထိ မကုန်သေးဘူး။ အခုထိ အလုပ်သမားတွေ အများကြီး ရှိသေးတယ်။ ဒီလိုင်းမှာ ံတအိမ်ပြီး တအိမ် လာစစ်နေတာ။” လို့ မျက်မြင် မြန်မာ လုပ်သား တယောက်က ပြောပါတယ်။
မနေ့ မေလ ၁၃ ရက်နေ့က လာစစ်တာဖြစ်ပြီး ပစ္စည်း သိမ်းဖို့ အချိန်ပေးထားကာ ဒီနေ့မနက်မှ ပစ္စည်းတွေ တင်နေကြတယ်လို့ သူက ပြောပါတယ်။
“ရဲတွေ လာစစ်တဲ့ အချိန် အလုပ်ရှင်တွေ ကောင်းကောင်းပြောပေးရင် ပစ္စည်း သိမ်းဖို့အချိန်ပေးတယ်။ သူတို့က ပစ္စည်း သိမ်းဖို့ အချိန်တော့ ရသားပဲ။ တချို့ဆို လာစစ်တာနဲ့ ချက်ချင်း ပြန်ပို့ခံရတာ” လို့ သူက ရှင်းပြပါတယ်။
အခု စစ်ဆေးပြီး ပြန်ပို့ ခံရတဲ့ မြန်မာ လုပ်သားတွေက အဲဒီ ဆိုင်မှာ လုပ်နေတာ ၂၀၁‌၉ မတိုင်ခင်ကတည်းက ဖြစ်ပြီး နှစ်ကြာ လုပ်သားတွေ ဖြစ်ပြီး အလုပ်ရှိနေပေမယ့် ‌နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်တွေ သက်တမ်းကုန်ဆုံးသွားလို့ ပြန်ပို့ခံရတာလို့ ဆိုပါတယ်။
“ပြန်ပို့ခံရတဲ့ မြန်မာ လုပ်သားတွေ အရမ်းများတယ်။ ကျွန်မတောင် ‌စာအုပ် သက်တမ်းကုန်သွားလို့ ရဲစခန်းမှာ နာမည်စာရင်း သွားသွင်းပြီး ရွှေလီ ကနေ မူဆယ်ပဲ ပြန်တာ နှစ်ရက်ကြာတယ်။ ကျယ်ဂေါင်မှာ ၂ ည ပိပ်လိုက်ရတယ်။ တချို့က ချက်ချင်း ပို့ခံရတော့ ဘာမှပြန်ယူလို့မရဘူး။ တည်းခိုခန်းမှာ အိပ်ဖို့ ပိုက်ဆံတောင် မပါလာလို့ လမ်းဘေး ပလက်ဖောင်းပေါ်မှာတွေ အိပ်ကြရတယ်” လို့ ရွှေလီက ပြန်ထွက်လာတဲ့ မြန်မာ လုပ်သား တယောက်က ပြောပါတယ်။
ပြန်ပို့ရမယ့်လုပ်သား‌ေတွ အရမ်းများတာကြောင့် မေလ ၁ ရက်ရက်နေ့ကနေ မေလ ၁၀ ရက်နေ့အထိ ရွှေလီမြို့ထဲ နေထိုင်ခွင့် သက်တမ်းလွန်နေတဲ့ မြန်မာ လုပ်စားတွေကို စစ်ဆေး ဖမ်းဆီးတာ၊ စာရင်း ကောက်တာရပ်နားထားပြီး ဒီ တစ်ရက်၊ နှစ်ရက် အတွင်းမှ နေအိမ်၊ အလုပ်ထဲထိ ဝင်ရောက်စစ်ဆေးကာ မြန်မာဘက် ပြန်ပို့တာတွေ လုပ်နေတယ်လို့ ရွေလီ ကနေ မူဆယ်ကို တနိုင်တပိုင် ကုန်ပစ္စည်း ထုတ်ပေးနေတဲ့ လူငယ် နယောက်က ပြောပါတယ်။
တရုတ်ဘက်ကတော့ ပြီခဲ့တဲ့ ဧပြီလ ကတည်းက တရုတ်ဘက်ခြမ်းမှာ လာရောက်အလုပ်လုပ် နေတဲ့ မြန်မာ လုပ်သားတွေ အနေနဲ့ နေထိုင်ခွင့် သက်တမ်းကုန်လွန်နေပါက မြန်မာဘက် ပြန်ထွက်ပြီး အထောက်အထား အသစ်နဲ့ ပြန်လည် ဝင်လာကြဖို့နဲ့ နေထိုင်ခွင့် သက်တမ်းကုန်လွန်‌သူတွေကို စစ်ဆေးတွေ့ရှိပါက ၁ နှစ်ကနေ ၅ နှစ်အထိ တရုတ်ပြည် ဝင်ခွင့် ပိတ်သွားမှာ ဖြစ်ကြောင်း အသိပေးကြေညာစာထုတ်ထားပါတယ်။
မူဆယ်ခရိုင် ပြင်ပက မြန်မာ လုပ်သားတွေအနေနဲ့တော့ မူဆယ်နယ်စပ်မှာ တရားဝင် အလုပ်လုပ်လို့ရတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ ထုတ်မပေးတော့တာကြောင့် ခက်ခဲကြရပြီး မူဆယ်ခရိုင်ဒေသခံတွေလည်း စာအုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေလို့ အခက်အခဲနဲ့ ကြုံနေကြရကြောင်း မြန်မာ လုပ်သားတွေက ပြောပါတယ်။
Photo Crd# ရွှေလီရောက် မြန်မာ လုပ်သား တယောက်

Related posts

Leave a Comment

VOM News

FREE
VIEW