ယင်းမာပင်မြို့နယ် ရွှေတောင်ဦးမှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ခြောက်ယောက် ပစ်သတ်ခံရ



မေ ၊ ၁၇ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ချင်းတွင်းမြစ်ကူးတံတား အနောက်ဘက်အနီး ရွှေတောင်ဦး သာသနာ့နယ်မြေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ယောက်ဟာ ဒီကနေ့ မနက်ပိုင်းက ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” အောင်ဇေယျမြို့သစ်ဈေးကို ကားနဲ့ ဈေးဝယ်လာတဲ့အချိန် လမ်းကနေ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ချောင်းမြှောင်း ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒီ ကားပေါ်မှာ ရွှေတောင်ဦး သာသနာ့နယ်မြေ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အောင်ဇေယျ ရဲကင်းစခန်းမှူး ဒုရဲအုပ် ရဲဌေးဦး အပါအဝင် ခြောက်ယောက် ထိခိုက်သေဆုံးတယ် ၊ နောက်ပြီး သူတို့ကိုင်ဆောင်လာတဲ့ သေနတ်နဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ် ” လို့ အောင်ဇေယျမြို့သစ် ဒေသခံတယောက်က ပြောပါတယ်။

အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ယင်းမာပင် ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဈေးဝယ်သွားရင်း ဖြစ်တယ်လို့ သိရတယ် ။ ဖြစ်စဉ်အသေးစိပ်ကိုတော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၃ ရက်မနက်ပိုင်းက အဲဒီ ရွှေတောင်ဦး သာသနာ့နယ်မြေ ( အောင်ဇေယျ ရဲကင်း) မှာ တာဝန်ကျနေတဲ့ ရဲနှစ်ယောက် ပစ်သတ်ခံရလို့ တယောက်သေ ၊ တယောက်ဒဏ်ရာရခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်မနက်ပိုင်းကလည်း မုံရွာမြို့နယ် ၊ ဗောဓိတထောင် သာသနာ့နယ်မြေက လုံခြုံရေး တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ယောက် ရေခပ်သွားရင်း ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၅ ရက်မနက်ပိုင်းက ဗောဓိတထောင်ဘုရားနဲ့ ကျောက္ကာရွှေဂူနီ ဘုရားသွား ဖြတ်လမ်း တောင်မာတောကျေးရွာနားမှာ ဒေသတွင်း လက်နက်ကိုင် PDF တယောက် ပစ်သတ်ခံရပြီး ကားတစီး ၊ သေနတ် လေးလက် သိမ်းဆည်းရမိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်ထိစပ်နေတဲ့ အလောင်းတော်ကဿပ ဘုရားလိုဏ်ဂူတော်မှာရှိတဲ့ ရွှေသင်္ဃန်တွေ ခွာယူခံရပြီး ၊ လိုဏ်ဂူတော် ကျောက်တံခါးကို ဒိုင်းနမိုက်နဲ့ ဖော်ခွဲခံရတဲ့ ဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW