နောင်ချိုမှာ စစ်ရှောင်တိုးပွားလာပြီး ကြံစိုက်ခင်းတွေခုတ်ဖို့ အခက်ကြုံနေ

မေ ၁၈ – ၂၀၂၄
GG (VOM)
ရှမ်းပြည်နယ် ၊နောင်ချိုမြို့နယ်ထဲက ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားပြီး လက်နက်ကြီးထိမှန် လို့ အရပ်သားသေဆုံးမှုရှိနေသလို စစ်ရှောင်နေရတဲ့ဒေသခံလည်း ၅၀၀ ကျော်လောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
နောင်ချိုမြို့နယ်ထဲက သရက်ကုန်းရွာဘက်မှာ နစက တပ်ဖွဲ့ဝင်တွေနဲ့ PDF တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး အရင်ရက်က ပါဟက်ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နေအိမ်တွေပျက်စီးခဲ့ရသလို ကျေးရွာနေဒေသခံ သုံးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
“တိုက်ပွဲဖြစ်နေတာ သုံးရက်ရှိပြီ၊စစ်ဘေးရှောင်နေရတယ်တောထဲမှာ။ အရင်နေ့ကလည်းလက်နက်ကြီးကျလို့ လူသုံးယောက်သေသွားတယ်။ ရွာထဲမနေရဲကြတော့ဘူး၊ အခုသရက်ကုန်းဘက်မှာတိုက်ပွဲတွေဖြစ်နေတယ်။ တဝုန်းဝုန်းပဲ ” လို့ တောထဲမှာစစ်ရှောင်နေရသူဒေသခံတယောက်ကပြောပါတယ်။
ပါဟက်ရွာက လက်နက်ကြီးထိပြီးသေဆုံးခဲ့ရသူသုံးယောက်ကတော့ မထွေးရီ (၄၂ နှစ်)၊ မဝင်းသန္တာ (၃၆ နှစ်) နဲ့ မမိုခမ်းဦး (၁၆ နှစ်) တို့ဖြစ်တယ်လို့သိရပါတယ်။
တိုက်ပွဲကပြင်းထန်မှုကြောင့် သရက်ကုန်းအနီးကရွာတွေနဲ့ စစ်တပ်စခန်းရှိရာအနီးကရွာတွေဟာ သုံးဆယ်နဲ့ သပြေတိုးရွာကြားက ကြံစိုက်ခင်းတွေရှိရာတောထဲမှာ စစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။
” တနေရာထဲမှာ စုရှောင်ကြတာမဟုတ်ပေမယ့်အကုန်လုံးတောထဲမှာပဲ၊ရွာထဲမနေရကြဘူး။ လက်နက်ကြီး ထိလို့သေသူတွေရှိတော့ပိုဆိုးတာပေါ့။ကြံခင်းတွေလည်း ပေါင်းမရှင်းနိုင်ဘူးပစ်ထားရတယ်။ တိုက်ပွဲကြောင့်မခုတ်ရတဲ့ကြံခင်းတွေလည်းအများကြီးပဲ ” လို့ သူကထပ်ပြီးပြောပြပါတယ်။
နောင်ချိုမြို့နယ် သရက်ကုန်းဘက်မှာ မေလ ၁၆ ရက်နေ့ကစပြီး MDY PDF နဲ့ နစကစစ်တပ်အကြားတိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး နောင်ချိုမြို့နယ်ထဲက သုံးဆယ်၊ ဆမ္မဆယ်နဲ့ ကြူအင်းကျေးရွာဘက်တွေမှာလည်း နေ့စဉ်ပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။ နောင်ချိုမြို့နယ်ထဲကကျေးရွာအချို့မှာ မေလ ၁၀ ရက်နေ့ကလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့အရပ်သားသေဆုံးမှုနဲဒဏ်ရာရသူတွေရှိခဲ့ပြီး နေအိမ်တွေမီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
Photo: ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW