ကိုရီးယားရောက် မြန်မာလုပ်သားတွေ ကျွမ်းကျင်လုပ်သား ဗီဇာပြောင်းလဲ လျှောက်ထားနိုင်



မေ ၁၉ – ၂၀၂၄
SN (VOM)

တောင်ကိုရီးယားနိုင်ငံကို E-9 Visa (လုပ်သားငှားရမ်းမှုစနစ်) နဲ့ သွားရောက်တဲ့ မြန်မာလုပ်သားတွေအနေနဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပါက E-7 Visa (ကျွမ်းကျင်လုပ်သားဗီဇာ) ကို ပြောင်းလဲ လျှောက်ထားနိုင်တယ်လို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး ကြေညာထားပါတယ်။

ကိုရီးယားသမ္မတနိုင်ငံမှာ မွေးဖွားမှုနှုန်း ကျဆင်းခြင်းနဲ့ သက်ကြီးရွယ်အို များပြားလာခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်နိုင်သူ နည်းပါးလာခြင်းတို့ကြောင့် ကျွမ်းကျင်လုပ်သား ရှားပါးလာတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် အခုလို ပြင်ဆင် သတ်မှတ်ခြင်းဖြစ်ပြီး E-7-4 Visa ကို E-9 Visa သမားတွေအပြင် E-10 (ကိုရီးယားသင်္ဘောသားဗီဇာ) ၊ H-2 Visa (ယာယီဧည့်သည်အလုပ်ဗီဇာ) နဲ့ နေထိုင်သူတွေလည်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “ကျွန်တော်တို့အတွက် ပိုပြီး အဆင်ပြေသွားတာပေါ့။ ရွေးချယ်ခွင့်တွေလည်း ပိုရသွားတယ်။ E-9 Visa နဲ့ ကိုရီးယားကို ရောက်လာတဲ့ သူတွေက EPS-Topik စာမေးပွဲဖြေဆို အောင်မြင်ပြီးတဲ့သူတွေပါ။ E9 နဲ့ ကိုရီးယားကိုလာမယ်ဆို စာမေးပွဲဖြေရတယ်၊ စာချုပ်လည်း ချုပ်ရတယ်။ ဒါပေမယ့် ကိုရီးယားရောက်ရင် ဘယ်လုပ်ငန်းခွင် ရောက်မယ်ဆိုတာလည်း ကြိုမသိရဘူး။ တချို့ဆို ဒီရောက်ပြီးမှ အဆင်မပြေလို့ အလုပ်ပြောင်းချင်တာရှိတယ်။ ဒါပေမယ့် စာချုပ်အရ ပြောင်းရွှေ့ခွင့် မရှိဘူး။ အဲဒီလို ပြဿနာမျိုးတွေရှိတယ်။ အခုကတော့ ရွေးချယ်ခွင့် ပိုရလာတဲ့သဘောပေါ့” လို့ ပြောပါတယ်။

ကိုရီးယားနိုင်ငံရဲ့ ပြောင်းလဲလိုက်တဲ့ ဗီဇာမူဝါဒအခြေအနေနဲ့ ပတ်သက်လို့ မြန်မာသံရုံးကတဆင့် အသိပေးချက်မှာ E-7 Visa ကို ကိုရီးယားနိုင်ငံအတွင်း လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ လေးနှစ်နဲ့အထက် နေထိုင်သူ၊ လက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီမှာ အလုပ်သမားစာချုပ် နှစ်နှစ် အနည်းဆုံးရှိသူ၊ နှစ်စဉ် လုပ်ခလစာ ကိုရီးယားဝမ် ၂၆ သန်းနဲ့အထက် ရရှိသူတွေလည်း လျှောက်ထားနိုင်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

ဒါအပြင် လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီမှာ လုပ်သက် တနှစ်နဲ့အထက် အနည်းဆုံးရရှိထားတဲ့သူတွေလည်း ကုမ္ပဏီရဲ့ ထောက်ခံချက်နဲ့အတူ လျှောက်ထားနိုင်သလို ကိုရီးယားဘာသာစကား တတ်ကျွမ်းမှုရမှတ် ၂၀၀ နဲ့အထက် ရရှိသူ၊ ကိုရီးယားနိုင်ငံအတွင်း နေထိုင်ပြီး ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ဖူးခြင်းမရှိသူလည်း ဖြစ်ရမယ်လို့ သိရပါတယ်။

ဆက်လက်ပြီး နယ်မြို့ ၆၆ မြို့မှာ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပြီး Regional-Specialized Visa- (F-2-R) (ဒေသဆိုင်ရာဗီဇာ) ကိုလည်း လျှောက်ထားနိုင်တယ်လို့ ကြေညာထားသလို အသေးစိတ် အချက်အလက်တွေကိုတော့ https://www.hikorea.go.ko/Main.pt မှာ လေ့လာနိုင်တယ်လို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေး ထုတ်ပြန်ထားပါတယ်။

Photo – Myanmar Embassy, Seoul

Related posts

Leave a Comment

VOM News

FREE
VIEW