ကွတ်ခိုင်မြို့ဝန်းကျင်မှာ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားတဲ့ ယူကလစ်နဲ့ ထင်းရှူးတောတွေ စီးပွားဖြစ်ခုတ်နေ

မေ ၂၁၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အနီးဝန်းကျင်ရှိ နှစ်ပေါင်းများစွာ ထိန်းတောအဖြစ် ထိန်းသိမ်းထားတဲ့ ယူကလစ်နဲ့ ထင်းရှူးတောတွေ စီးပွားဖြစ် ခုတ်ထွင်တာတွေ ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ယူကလစ်တော ပြောင်ကုန်ပြီလေ။ ကောင်းခါးလမ်းဘက်က ကုန်ပြီ။ ဟိုးအရင်ကတည်းက ရှိတဲ့ ယူကလစ်တော အခု မရှိတော့ဘူး။ သစ်ပင်တွေက ပြောင်ကုန်ပြီ။ထိန်းတောလို ထိန်းသိမ်းထားတဲ့ နေရာ ဆိုပေမယ့် ဘယ်သူတက်ရင် ဘယ်သူ လုပ်စားတာမျိုး နေမှာပေါ့။ ကွတ်ခိုင်မှာ ပူလာပြီ။ ပြောင်ကုန်ပြီ။ အရင် အစိုးရက စိုက်ထားတာဟုတ်တယ်” လို့ကွတ်ခိုင် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အဲဒီ ခုတ်ထားတဲ့ သစ်တွေကို ကွတ်ခိုင် ရပ်ကွက် ၈ က သစ်စက်မှာ အဓိက သစ်ထုတ်တာဖြစ်ပြီး ကာလိယုင်ဘက်မှာတော့ မီးသွေး ဖုတ်တဲ့ ကျင်းတောင် တူးမနေပဲ သစ်တွေပုံပြီး စီးပွားဖြစ် မီးသွေးဖုတ်နေတယ်လို့ သူက ပြောပါတယ်။
ခေတ်အဆက်ဆက်က အစိုးရအပြင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ထိန်းတော အဖြစ် သတ်မှတ်ထိန်းသိန်းထားတဲ့ နေရာဖြစ်ကာ ရုတ်တရက် အပင် အများအပြားကို ‌တခါထဲ ခုတ်ထွင် လိုက်တာကြောင့် ကွတ်ခိုင်ရဲ့ ရာသီဥတု သိသိသာသာ ပြောင်းလဲလာတယ်လို့ သူက ပြောပါတယ်။
“ရာသီဥတုက ပြောင်းနေပြီ။ အခု ကျနော်တို့ ကွတ်ခိုင်မှာ အဲလောက် မပူဖူးဘူး။ အခုက တော်တော့ကို ပူလာတယ်။ ထင်း အတွက်ပဲ ခုတ်တယ် ဆိုရင် သစ်တောတွေ ဒီလောက် ပြောင်သွားစရာ အကြောင်း မရှိဘူး။ လက်ရှိ ထိန်းချုပ်နေတဲ့ အဖွဲ့အစည်းက လုပ်တာလား၊ အဲဒီ အဖွဲ့ အစည်းရဲ့ လက်ပါးစေတွေက လုပ်တာလား ဆိုတာတော့ မသိရဘူး” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
သစ်ပင်တွေပြောင်သွားတဲ့ နေရာတွေမှာ မြေကွက်ရိုက်ထားတာတွေတွေ့ရပြီး လွိုင်ဆမ်ဆစ်တောင်ခြေဘက်နဲ့ မူဆယ်ဘက်အထွက်လမ်းတွေဘက်မှာလည်း သစ်ပင်တွေ ပြောင်လာမယ့် အခြေအနေရှိတယ်လို့ သူက ပြောပါတယ်။
“ကွတ်ခိုင် ဝန်းကျင်က သစ်ပင်တွေ အကုန်ခုတ်နေတာ ဆိုတော့ နောက်ကွယ်ကနေ ကြိုးကိုင် ထောက်ပံ့တဲ့ အဖွဲ့ အစည်း မရှိရင် အဲလောက်ထိ သယ်နိုင်ဖို့ မလွယ်ဘူးလေ။ မြို့ပတ်ပတ်လည် ဒီလောက် သစ်တွေ ခုတ်နေတာ မြင်နေပေမယ့် ဘာမှ အရေးယူလာတာ မတွေ့ဘူးဆိုတော့ အခု လောလောဆယ်တော့ TNLAက ဦးဆောင် ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ အဖွဲ့က လုပ်ပိုင်ခွင့် မပေးရင် လုပ်လို့ ရမှာ မဟုတ်ဘူး။” လို့ သူက ပြောပြပါတယ်။
အစည်းဝေးခေါ်တာမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေပါ လုပ်သွားမယ်လို့ ပြောသံကြားပေမယ့် အပြော နဲ့ လက်တွေက တခြားစီ ဖြစ်နေကာ ဒေသခံတွေ အနေနဲ့တော့ ရာသီဥတု သိသိသာသာ ပြောင်းလဲလာတာကို သတိထားမိပြီး စိုးရိမ် နေကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကောင်းခါးလမ်းခွဲ လမ်းဝဲယာ၂ဖက်လုံးက ယူကလစ်တော၊ ဆစ်ဖြူးရွာနဲ့ မန်ထမ်ရွာ တွေဘက်က ထင်းရှူးတောတွေ၊ ကာလိုင် လမ်းဘက်ကတောတွေပါ ပြုတ်ပြုတ်ပြုန်းသွားပြီဖြစ်ပြီး ကွတ်ခိုင်ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ ယူကလစ်တော နဲ့ ထင်းရှူးတောတွေတော့ ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့ကို မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း TNLA ပူးပေါင်း တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်မှာ သိမ်းပိုက်ထားတာဖြစ်ပြီး လက်ရှိ ကွတ်ခိုင်မြို့ကို PSLF/ TNLA တပ်ဖွဲ့က ယာယီအုပ်ချုပ်ရေးကို တာဝန်ယူထားတာ ဖြစ်ပါတယ်။
Photo Crd# SSV

Related posts

Leave a Comment

VOM News

FREE
VIEW