နစက လက်ထက်မှာ နိုင်ငံ့ဝန်ထမ်း သုံးရာကျော်ကို အဂတိမှုနဲ့ ဖမ်းဆီးအရေးယူထား



မေ ၊ ၂၂ ၊ ၂၀၂၄
TT (VOM)

နစက အဖွဲ့ ပေါ်ပေါက်ပြီး နောက်ပိုင်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေတဲ့ ဝန်ထမ်းတချို့အပြင် အရပ်ဘက် လူပုဂ္ဂိုလ် တချို့ကိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အရ ဖမ်းဆီးအရေးယူထားတာမှာ အခုဆိုရင် လူပေါင်း သုံးရာကျော်ရှိနေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အသိုင်းအဝိုင်းဆီက သိရပါတယ်။

” အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ဖမ်းဆီးစစ်ဆေးခံရတဲ့ အရေအတွက်က ၊ နိုင်ငံရေး ရာထူး လက်ရှိဖြစ်နေသူ ၆၅ ယောက် ၊ အဆင့်မြင့် အရာရှိဖြစ်သူ ၂၁ ယောက် ၊ အရာထမ်း ၈၀ ယောက် ၊ အမှု ထမ်း ၈၄ ယောက်၊ ပြည်သူ့ဝန်ထမ်း ၁၈ ယောက်နဲ့ အခြား လူပုဂ္ဂိုလ် ၃၄ ယောက် ပါဝင်တယ် ” လို့ အဂတိတိုက်ဖျက်ရေး ကော်မရှင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက် မနက်ပိုင်းက နေပြည်တော်မှာ နေထိုင်တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင် ကိုဖမ်းဆီးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ တရားစွဲထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၀ ရက်က ၊ နိုင်ငံ‌တော်သစ္စာဖောက်ဖျက်မှု၊စစ်စည်းကမ်းဖောက်ဖျက်မှု၊ တံစိုးလက်ဆောင်ရယူမှု၊ နိုင်ငံခြားသုံးငွေတရားမဝင်လက်ဝယ်ထားမှု အပါအဝင် တခြားစွဲချက်တွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စစ်တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ပါတယ်။

အဲ့ဒီ အပြင် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးကိုလည်း အနှစ် နှစ်ဆယ်နဲ့ ညီမျှတဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ နစက မှ ထုတ်ပြန်ထားပါသေးတယ်။

အဲ့ဒီနောက် သတင်းမှတ်တမ်းတွေအရ နစကနဲ့ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့တို့က ဖမ်းဝရမ်း ထုတ်ပြန်ထားခြင်းခံရတဲ့ ကော့သောင်းမြို့ ၊ Grand Andaman Hotel (သူဌေးကျွန်းဟိုတယ်) ပိုင်ရှင် ဦးကျော်လွင်ဆိုသူရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်က ၊ တနင်္သါရီတိုင်း ၊ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မျိုးသန့် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အေးကျော် ၊ မြို့မရဲ စခန်းမှူး ဒုတိယရဲမှူး ရဲထွဋ်၊ ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမောင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ ခရိုင်တရားသူကြီးနဲ့ နောက်ထပ်အရာရှိတဦးလည်း အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း အရာရှိ ခုနှစ်ယောက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးကြီး အောင်မြင့်နိုင် ၊ ရဲဌာနချုပ် (နရခ) မှ ရဲမှူးကြီး ညီညီထွန်း၊ ရဲဌာနချုပ် (နရခ)မှ ရဲမှူးကြီး ဗညားဦး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ဒုရဲမှူးကြီးခန့်ကိုအောင် ၊ ထွေ / အုပ်က ဒုညွှန်ချုပ် ကျော်သူဇော်၊ ညွှန်မှူး ကောင်းမြတ်နိုင်၊ မျိုးကျော်ကျော်၊ ထွန်းကျော်ကျော်၊ မိုးဇော်လတ်၊ စိုးရွှေအောင်တို့ကို ဒီနှစ်ထဲမှာ တာဝန်ကနေ အနားပေးလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စုံစမ်းရေးမှူး တယောက်က ” ၂၀၁၄ ဖေဖော်ဝါရီ ၂၅ ကနေ ၂၀၂၄ အထိ ၊ ၁၀ နှစ်တာ ကာလအတွင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တိုင်ကြားစာ စုစုပေါင်း ၃၆၃၀၅ ( သုံးသောင်း ၊ ခြောက်ထောင်၊ သုံးရာ့ ၊ ငါးစောင်)ရှိတယ် ၊ အဲ့ဒီ တိုင်ကြားစာတွေအရ စီစစ်အရေးယူခံရတဲ့ နိုင်ငံ့ဝန်ထမ်းပေါင်း ၂၆၈၄ ( နှစ်ထောင့် ခြောက်ရာ ရှစ်ဆယ် လေးယောက်) ရှိတယ် ” လို့ ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW