ပြည်သူတယောက်ကို သေနတ်နဲ့ ရိုက်နှက်ခဲ့တဲ့ မြဝတီ မြို့နယ် လဝကမှူး အဖမ်းခံရ



မေ ၊ ၂၂ ၊ ၂၀၂၄
SP (VOM)

ကရင်ပြည်နယ် ၊ မြဝတီခရိုင် ၊ မြဝတီမြို့မှာ ၊ မြို့နယ် လဝကမှူး ဖြစ်သူက ပြည်သူတယောက်ကို သေနတ်နဲ့ ရိုက်နှက်ခဲ့တာကြောင့် မြဝတီမြို့မရဲစခန်းက အဲ့ဒီ မြို့နယ် လဝကမှူးဖြစ်သူကို အမှုနဲ့ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ မြဝတီ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

ရဲစခန်းနဲ့ နီးစပ်သူတယောက်က
” ပြီးခဲ့တဲ့ မေ ၁၅ ရက်မှာ ဖမ်းဆီးချုပ်နှောင်ခံရတဲ့သူက မြို့နယ် လဝက ဦးစီးမှူး ၊ ဦးကျော်စိုးထွန်း ဆိုသူဖြစ်တယ် ၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့ အမှုက တရားမဝင် လက်နက် ကိုင်ဆောင်မှုဖြစ်တယ် ၊ အဲ့ဒီ သေနတ်နဲ့ ပြည်သူတယောက်ကို ရိုက်နှက်ခဲ့တာကြောင့် ရိုက်ခံရသူဟာ ဦးခေါင်းပိုင်းမှာ တလက်မအရွယ် ပေါက်ပြဲသွားတယ် ၊ အဲ့ဒါကြောင့် နာကျင်မှုတွေပါ ၊ ပါလာနိုင်တယ် ၊ လောလောဆယ်တော့ ခရိုင်လဝက မှူး ဦးကျော်ကျော်သန်းဆိုသူက သတင်းပေးတိုင်ကြားချက်အရ မြို့နယ် လဝက ဦးစီးမှူး ဦးကျော်စိုးထွန်း ဆိုသူကို ရဲတပ်ဖွဲ့က အမှုနဲ့ ဖမ်းဆီးချုပ်နှောင် လိုက်တာဖြစ်တယ် ” လို့ ပြောပါတယ်။

မြဝတီခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မြို့နယ် လဝကမှူး အဖမ်းခံရတဲ့ ကိစ္စက လက်နက်မှုဖြစ်တယ် ၊ နောက်တော့ နာကျင်မှုတွေပါ ဖြည်းဖြည်း ပါလာနိုင်တယ် ၊ ဝန်ကြီးကိုယ်တိုင် စိတ်ဝင်စားတဲ့ အမှုဆိုတော့ ဘယ်သူကမှ ကြားဝင်ဖြေလျော့ပေးတာမျိုး မလုပ်ရဲကြဘူး ၊ နောက်ပြီး နစက တက်လာပြီးနောက်ပိုင်း ဌာနဆိုင်ရာနဲ့ အရပ်ဘက် လူပုဂ္ဂိုလ်တွေကို လက်နက်လိုင်စင် သုံးမျိုးအထိ ကိုင်ဆောင်အသုံးပြုနိုင်ဖို့ လက်နက်လိုင်စင်တွေ ချပေးထားတယ် ၊ အခု ဖြစ်တဲ့ ပြသနာမှာ လိုင်စင်သေနတ် မဟုတ်ဘဲ ၊ တရားမဝင် ကိုင်ဆောင်ထားတဲ့ သေနတ်ဖြစ်နေတယ် ” လို့ ပြောပါတယ်။

မြဝတီမြို့နေ ဒေသခံတယောက်က ” မြဝတီနယ်မှာက နယ်စပ်ဒေသဖြစ်သလို ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်းရှိတယ် ၊ အဲ့ဒါကြောင့် တရားမဝင် လက်နက်တွေရနိုင်တဲ့ နည်းလမ်းက အလွန် လွယ်ကူတယ် ၊ အခုလည်း လက်နက်မိတယ်ဆိုတဲ့ ကိစ္စက ၊ လက်ဆောင်ရတာလည်း ဖြစ်နိုင်သလို ကိုယ်ပိုင်ဝယ်ကိုင်တာ မျိုးလည်း ဖြစ်နိုင်တယ် ၊ အဲ့ဒါကတော့ ရဲက စစ်ဆေးနေတယ်လို့ ကြားရတယ် ၊ ဘယ်က ရထားတဲ့ သေနတ်ဆိုတာ အခုထိတော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

မြဝတီမြို့နယ် ၊ လဝက အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ” ၁၉၈၈ မတိုင်မီက လဝက နဲ့ သစ်တော ဌာနဆိုတာ လက်နက်ထုတ်ပေးထားတယ် ၊ အဲ့ဒီနောက် ၈၈ ပြီးတော့ ထုတ်ပေးထားတဲ့ လိုင်စင် သေနတ်တွေ နဝတ က အပြီးတိုင် ပြန်ရုတ်သိမ်းတယ် ၊ ၁၉၉၀ နောက်ပိုင်းမှာ လဝကနဲ့ သစ်တော ဌာနတွေမှာ လက်နက်ကိုင်ဆောင်တာ မတွေ့ရတော့ဘူး ၊ တချို့ဒေသတွေမှာကတော့ လဝကနဲ့ သစ်တော ဌာနပိုင် သေနတ်တွေ အခုထိ ကျန်ရှိနေသေးတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် လဝကမှူး ၊ စစ်ကိုင်းတိုင်း မုံရွာမြို့ လဝကမှူးနဲ့ ဒီပဲယင်းမြို့နယ် လဝကမှူးတို့ကို ဒေသတွင်း လက်နက်ကိုင် PDF တွေက ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက မြဝတီမြို့ UID (စမတ်ကဒ်) ထုတ်ပေးရေး လုပ်ငန်းခွင်မှာ စမတ်ကဒ် ပွဲစား လုပ်ကိုင်သူလို့ စွပ်စွဲခံရတဲ့ ပြည်သူတယောက်က်ို လဝကမှူးတယောက်က သေနတ်နဲ့ ရိုက်နှက်ခဲ့တာကြောင့် UID လုပ်ငန်းတွေ ယာယီရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မြဝတီမြို့ ၊ ရွှေမြစန္ဒီ စည်ပင် ဌာနကွင်းမှာ နေရာပြောင်းလဲပြီး မှတ်တမ်းရေးသွင်းစက် ကိုးလုံးနဲ့ တရက်ကို လူသုံးရာနူန်းနဲ့ နေစဥ်ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW