မန္တလေး – မိုးကုတ်ကားလမ်းက နွယ်ရုံကျေးရွာမှာ လူသတ်မှုတွေ အဖြစ်များလာပြီးနောက် ရွာခံလူတွေ ထွက်ပြေးတိမ်းရှောင်နေ



မေ ၊ ၂၂ ၊ ၂၀၂၄
SP ( VOM)

မန္တလေးတိုင်း မြောက်ပိုင်း ၊ စဥ့်ကူးမြို့နယ် ၊ မန္တလေး – မိုးကုတ်သွား ကားလမ်းနားက နွယ်ရုံကျေးရွာမှာ ဒီရက်ပိုင်းအတွင်း လူသတ်မှုတွေ အဖြစ်များလာပြီးနောက်ပိုင်း ရွာခံလူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ နွယ်ရုံရွာခံတယောက်က
” မေ ၂၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ နွယ်ရုံရွာထဲကို အမည်မသိ လူသုံးယောက်ရောက်လာတယ် ၊ အဲ့ဒီနောက် ကိုစိုင်းကျော်သူ ၂၀ နှစ် ၊ သူ့မိန်းမ မသဲစု ၂၆ နှစ် ၊ အဲ့ဒီ လင်မယား နှစ်ယောက်ကို ပစ်သတ်တယ် ၊ နောက်ပြီး တရွာတည်းနေ ကိုပြည့်ဖြိုးမောင် ၂၀ နှစ်နဲ့ မောင်မျိုးဇော်အောင် ၁၈ နှစ် ဆိုသူ နှစ်ယောက်ကိုလည်း ပစ်သတ်တယ် ၊ အဲ့ဒီနေ့က စုစုပေါင်း လူငယ် လေးယောက် ပစ်သတ်ခံရတယ် ၊ ဘာကြောင့် ပစ်သတ်ခံရတာလည်းတော့ မသိဘူး ၊ အဲ့ဒါကြောင့် နွယ်ရုံရွာထဲမှာ လူငယ်တွေရဲ့ မိသားစုတွေက အခုဆိုရင် ရွာမှာမနေရဲတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတယ် ” လို့ ပြောပါတယ်။

နွယ်ရုံကျေးရွာမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်ဟောင်း တယောက်က
” နွယ်ရုံမှာက ရှမ်းတောင်တန်းဘက်က ဆင်းလာတဲ့ ရှမ်းအဖွဲ့တွေနဲ့ ၊ ကချင်ဘက်က ဆင်းလာတဲ့ အဖွဲ့တွေလည်းရှိတယ် ၊ အခုချိန်က မိုးကြိုကာလဆိုတော့ အဖွဲ့ပေါင်းစုံက လူသစ်စုဆောင်းနေကြတယ် ၊ အခု ပစ်သတ်ခံရတဲ့ ကလေးဆိုရင် လူသစ်စုဆောင်းခံရတာ ဖြစ်နိုင်တယ် ၊ ဘာကြောင့်ပဲ သတ်သတ် ၊ လူငယ်တွေ အသတ်ခံရတာ အဖြစ်များလာတော့ လူငယ်ရှိတဲ့ မိသားစုတွေ ရွာမှာမနေရဲတော့ဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၈ ရက် ၊ ည ၈ နာရီဝန်းကျင်က မန္တလေး – မိုးကုတ်သွား ကားလမ်း မိုင်တိုင်အမှတ် ၆၆ မိုင် ၂ ဖာလုံနဲ့ ၃ ဖာလုံကြားမှာရှိတဲ့ ဝင်းမင်းထိုက် ထမင်းဆိုင်မှာ ထမင်းစားနေတဲ့ ကျည်တောက်ပေါက်ကျေးရွာက ရာအိမ်မှူး ဦးမျိုးခိုင် ၅၀ နှစ် ဆိုသူ ပစ်သတ်ခံရပါသေးတယ်။

ဒါ့အပြင် မန္တလေး – မိုးကုတ်ကားလမ်းနားက ရွာတွေဖြစ်တဲ့ လက်ပံလှ ၊ နွယ်ရုံ ၊ ချောင်းကြီး ၊ ဇရပ်ကွင်း စတဲ့ ကျေးရွာတွေမှာ လူသတ်မှုတွေ အဖြစ်များလာတာကြောင့် ရွာခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သပိတ်ကျင်းမြို့နယ် ၊ ပေသောင်ကျေးရွာက ကိုသိန်းလွင် ၊ ကျောက် ဖြူရွာက ကိုမင်းအောင်၊ လိပ်ကျကျေးရွာက ကိုရဲလင်း၊ ၄ မိုင်ကျေးရွာက ဘုန်းလှိုင်တို့ အပါအဝင် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် ခုနှစ်ယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW