ဆိုလာအားသွင်းရာကနေ စစ်တွေ သက္ကယ်ပြင်စျေး မီးလောင် ၊ ဆိုင်ခန်း ၆၀ ကျော် ပျက်စီး



မေ ၊ ၂၄ ၊ ၂၀၂၄
TT (VOM)

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ၊ သက္ကယ်ပြင်စျေးမှာ မနေ့ မေ ၂၃ ရက် ၊ ညနေပိုင်း ၃ နာရီဝန်းကျင်ကမီးလောင်မှုဖြစ်ခဲ့တယ်လို့ ပြည်နယ်မီးသတ်ရုံးဆီက သိရပါတယ်။

မီးသတ်တပ်ဖွဲ့ဝင် တယောက်က
” မီးသတင်းရတာက ညနေ ၃ နာရီ ၁၅ မှာ စတင်ရရှိတယ် ၊ မီးငြိမ်းသတ်ချိန် တနာရီနီးပါးကြာမြင့်တယ် ၊ မီးစတင်လောင်ကျွမ်းရတဲ့ ဖြစ်စဥ်က သက္ကယ်ပြင်စျေးမှာရှိတဲ့ ဖိနပ်ဆိုင်တခုက ဆိုလာအားသွင်းတယ် ၊ အဲ့ဒီဆိုလာက အပူရှိန်လွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်တယ် ၊ အဲ့ဒီကနေ စတင်ပြီး ဆိုင်ခန်း ၆၀ ကျော် မီးကူးစက် လောင်တယ် ၊ ဆုံးရှုံးမှုတန်းဘိုးကိုတော့ စိစစ်တွက်ချက်နေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် နိုင်ငံရေး အသိုင်းအဝိုင်းက
” ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာကနေ မေ ၂၃ ရက်အထိ ရခိုင်ပြည်နယ်ထဲမှာ စျေးတွေမီးလောင်မှုဖြစ်စဥ်ပေါင်း ရှစ် ခုရှိတယ် ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ ရမ်း‌ဗြဲ၊ ကျောက်ဖြူနဲ့ စစ်တွေ စတဲ့မြို့တွေက စျေးကြီး ရှစ်ခု မီးလောင်ခဲ့တာ တိုက်ဆိုင်မှုတော့မဟုတ်ဘူး” လို့ ပြောပါတယ်။

ဖေဖော်ဝါရီကစလို့ ရခိုင်ပြည်နယ်ရဲ့ နေရာဒေသ တော်တော်များများမှာ နစက တပ်နဲ့ AA အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွာနေပြီး ရခိုင်ပြည်နယ်နဲ့ ပြည်မမြို့ပြတွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတချို့ ဖြတ်တောက်ပိတ်ဆို့ခံထားရကာ ရခိုင်ပြည်နယ်အတွင်း ကုန်စည်ပြတ်လပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ငါးလအတွင်း ရခိုင်ပြည်နယ်က ကျေးရွာ/ ရပ်ကွက်ပေါင်း တရာကျော် မီးဘေးသင့်ခဲ့ရပြီး မီးဘေးဒုက္ခသည် တသောင်းဝန်းကျင်ရှိတယ်လို့ ဒေသတွင်း သတင်းတွေက ထုတ်ပြန်ထားပါသေးတယ်။

ဓာတ်ပုံ ၊ မနေ့ညနေပိုင်းက သက္ကယ်ပြင် စျေးမီးလောင်ပုံ (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW