မြန်မာပြည် အလယ်ပိုင်းက လဝက ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ အဖြစ်များလာ



မေ ၂၄ ၊ ၂၀၂၄
SP (VOM)

အခုရက်ပိုင်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတချို့ ဒေသတွင်း လက်နက်ကိုင် PDF တွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတာ အဖြစ်များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” အခုရက်ပိုင်း ဖမ်းဆီးခံရတဲ့ လဝက ဝန်ထမ်းတွေကတော့ ရေစကြို ၊ စစ်ကိုင်း ၊ မုံရွာ ၊ ဒီပဲယင်းနဲ့ တီးတိန်စတဲ့ မြို့နယ်ဘက်တွေမှာဖြစ်တယ် ၊ ဖမ်းဆီးခံရတာ ဝန်ထမ်း ငါးယောက်ထက်မနည်း ရှိနေပြီး ” လို့ ဝန်ထမ်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

မနေ့ မေ ၂၃ ရက် မနက်ပိုင်းက မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့အဝင် ၊ တမာတန်းလမ်းဆုံနားမှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ယာဥ်သွားလာမှုတွေကို ရပ်တန့် စစ်ဆေးနေတဲ့အချိန် ပညှင်းကျေးရွာကနေ ရေစကြိုမြို့ကို ရုံးလာတက်တဲ့ မြို့နယ် လက်ထောက် လဝကမှူး ဦးကျော်နန္ဒ ၃၅ နှစ်ဆိုသူ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

” မြို့နယ် လက်ထောက် လဝကမှူး ဦးကျော်နန္ဒဆိုသူ မနေ့ကမနက် ၈ နာရီလောက်မှာ PDF က ဖမ်းသွားတယ် ၊ သူအဖမ်းခံရတဲ့ နေရာဝန်းကျင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းက ရေစကြိုမြို့နယ် စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင် (မစဖ) ဗိုလ်မှူး ချမ်းမြေ့အောင် ဆိုသူ ပစ်ခတ်ခံရတဲ့ နေရာနဲ့ နီးတယ် ၊ ဦးကျော်နန္ဒနဲ့ ဒီညနေပိုင်းအထိ ဆက်သွယ်မရသေးဘူး ” လို့ ပြောပါတယ်။

မေ ၂၂ ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ ပါရမီရပ်ကွက်မှာရှိတဲ့ လဝက ရုံးနဲ့ အခွန်ရုံးကို PDF တွေ ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းတချို့ ရ်ိုက်နှက်ထိုးကြိတ်ခံရကာ လက်ကိုင်ဖုန်း ဆယ်လုံးကျော် သိမ်းဆည်းခံရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့မှာ နေထိုင်တဲ့ လက်ထောက် မြို့နယ် လဝက မှူးနဲ့ သူ့မိန်းမ ကျောင်းဆရာမဖြစ်သူ နှစ်ယောက်ကို PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက် ၊ဆည်ပေါက်တွဲလမ်းမှာနေထိုင်တဲ့ မြို့နယ် လဝကမှူး ဦးအောင်မိုးဝင်း ဆိုသူ ဖမ်းဆီးခံရပါသေးတယ်။

အဲ့ဒီနောက် ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် လဝကမှူး လည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် လဝကမှူးဆိုသူက စမတ်ကဒ်လာလုပ်တဲ့ ပြည်သူတယောက်ကို သူ့ကိုင်ဆောင်ထားတဲ့ သေနတ်နဲ့ ရိုက်နှက်ခဲ့တာကြောင့် ရဲဌာနက ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW