မကွေးမြို့က မင်္ဂလာကန်တော်မှာ ငါးတွေသေဆုံးမှုဖြစ်နေ



မေ ၊ ၂၅ ၊ ၂၀၂၄
SP (VOM)

မကွေးတိုင်း ၊ မကွေးမြို့ ၊ ကန်သာရပ်ကွက်နဲ့ ရန်မျိုးနိုင် ရပ်ကွက်ကြားမှာရှိတဲ့ ကန်သာကန်အတွင်းက ဘေးမဲ့ ငါးတွေ ဒီမနက်ပိုင်းက သေဆုံးမှုဖြစ်တယ်လို့ မကွေးမြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက်ပိုင်းက ကန်သာကန်ထဲမှာ ငါးတွေအများအပြား သေနေတယ်လို့ သိရတယ် ၊ ဒေသခံတွေက ချက်စားဖို့ရာ ကောက်ယူနေတယ်လို့ ကြားရတယ် ၊ သွားတော့မကြည့်ဖြစ်သေးဘူး ” လို့ မကွေးမြို့ ရောင်စုံမေတ္တာ လူမှုကူညီရေး အဖွဲ့ဝင် တာဝန်ရှိသူတယောက်က ပြောပါတယ်။

နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနနဲ့ နီးစပ်သူတယောက်​က
” ဒီရက်ပိုင်း ပဲခူးတိုင်းက ငါးလုပ်ငန်းကန်တွေမှာလည်း အပူရှိန်ကြောင့် ငါးသေဆုံးမှုတွေရှိတယ် ၊ အကြောင်းကတော့ ဒီရာသီမှာ ငါးကန်တွေမှာ အနည်းဆုံး ရေနက်ပေ ငါးပေရှိရမယ် ၊ ဘာကြောင့်လဲဆိုရင် ရေအနက် ငါးပေမရှိဘူးဆိုရင် နေရောင်ခြည်ကြောင့် ငါးတွေသေဆုံးနိုင်တယ် ၊ အခုဖြစ်ပေါ်နေတဲ့ နေရောင်ခြည်က ငါးကန်ထဲက ရေကို သုံးပေနက်ထိ ကျရောက်နိုင်တယ် ၊ အဲ့ဒါကြောင့် ငါးတွေဟာ ရေပေါ်မှာ နေနိုင်စွမ်းမရှိဘူး ၊ အဲ့ဒါကြောင့် ငါးတွေဟာ ရေအနက် ငါးပေအောက်မှာ ခိုလှုံနေကြတယ် ၊ ငါးကန်တွေမှာ အခုရာသီမှာ ရေအနက် အနည်းဆုံး ငါးပေမရှိဘူးဆိုင်ရင် ရှင်သန်နိုင်ဖို့ ခက်ခဲတယ် ၊ ရေအနက် ငါးပေမရှိတဲ့ ကန်တွေမှာ ငါးတွေက အပူရှိန်ကြောင့် ရေပေါ်ကို ခေါင်ပြူတက်လာပြီး မကြာခင် သေဆုံးတတ်တယ် ၊ မကွေးဖြစ်စဥ်ကလည်း ဒီအတိုင်းဖြစ်နိုင်ဖို့ များတယ် ” လို့ ပြောပါတယ်။

မကွေးမြို့ခံတယောက်က ” အပူရှိန်ကြောင့် ငါးတွေသေဆုံးတာဖြစ်နိုင်တယ် ၊ သေဆုံးငါး အရေအတွက်က တော်တော်များတယ် ၊ ငါးကြင်းနဲ့ တီးလားဗီးယား မျိုးတွေဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်း အစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ကန်တော်သန့်ရှင်းရေး လုပ်ဆောင်ဖို့ စီစဥ်နေတယ် ၊ သေဆုံးငါးနမူနာတချို့ကို ဓာတ်ခွဲစစ်ဆေးနိုင်ဖို့ လုပ်နေတယ်၊ စားသုံးရန် သင့် / မသင့်ဆိုတာ အဖြေမသိရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလဆန်းပိုင်းကစလို့ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းက ငါးမွေးမြူရေးကန်တွေမှာ ငါးသေဆုံးမှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW