မုန်တိုင်းကြောင့် ရခိုင်မှာ ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်

မေ ၂၆ – ၂၀၂၄
SN (VOM)
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လာမယ့် ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ရီမယ်(လ်)” (REMAL) ရဲ့ အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ မြေပုံ၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မအီ၊ အမ်း စတဲ့ ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် စုစုစံက ခန့်မှန်းထားပါတယ်။
စစ်တွေအနောက်ဘက် ပင်လယ်ပြင်မှာ ရေလှိုင်းအမြင့် ၁၈ ပေမှ ၂၁ ပေ အထိ ရှိနိုင်ပြီး လေတိုက်နှုန်း တနာရီကို ၃၆ မိုင်မှ ၄၈ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ရဲ့ ခန့်မှန်းချက်မှာတော့ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ရီမယ်(လ်)” (REMAL) ဟာ ဒီကနေ့ မေလ ၂၆ ရက်၊ မွန်းတည့်ချိန်မှာ ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက်တဲ့အခါ မုန်တိုင်းဗဟိုအနီး လေတိုက်နှုန်း တနာရီ ၇၅ မိုင်မှ ၈၃ မိုင်အထိ ရှိနိုင်တဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (SEVERE CYCLONIC STORM-SCS) ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
မုန်တိုင်းရွေ့လျားရာ လမ်းကြောင်းရဲ့ ညာဘက် အနီးဆုံးမှာတည်ရှိတဲ့ ရခိုင်ပြည်နယ် (မြောက်ပိုင်း) ကမ်းရိုးတန်းဒေသတွေဟာ မုန်တိုင်းအဖျားခတ်နိုင်မယ့် ဧရိယာထဲ ပါဝင်နေတာကြောင့် မုန်တိုင်းအရှိန် သက်ရောက်မှု အများဆုံးဖြစ်ပြီး မိုးသက်လေပြင်းတွေ ကျရောက်ကာ လှိုင်းကြီးနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
“ဒီကနေ့ မနက်အထိ တိုင်းထွာချက်အရ မုန်တိုင်း ဆက်လက်ရွေ့လျားမယ့် လမ်းကြောင်း ပြောင်းလဲခြင်းမရှိပါဘူး။ မိုးသက်လေပြင်းတွေ ကျချိန်မှာ လေတိုက်နှုန်း တနာရီ မိုင် ၃၀ မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး မိုးအလွန် သည်းထန်နိုင်ပါတယ်။ ဒီကနေ့ မေ ၂၆ ရက်ကနေ ၂၉ ရက်အထိ လေးရက်ဆက်တိုက် ခန့်မှန်းမိုးရေချိန် ၄၀ မီလီမီတာမှ ၇၀ မီလီမီတာအထိ ရွာသွန်းမှာဖြစ်လို့ ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်နိုင်တာကြောင့် အထူး သတိပြုကြစေချင်ပါတယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
ဒါအပြင် မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် ဒီကနေ့ မွန်းတည့်ချိန်ကစလို့ မိုးသည်းထန်ပြီး လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် နောက်လာမယ့် ၂၄ နာရီအတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ မိုးရေချိန် ၄၀ မီလီမီတာမှ ၅၀ မီလီမီတာအထိလည်းကောင်း၊ မြန်မာနိုင်ငံအထက်ပိုင်း (ပဲခူးတိုင်းမြောက်ပိုင်းမှ အထက်ဒေသတွေ) မှာ မိုးရေချိန် ၁၅ မီလီမီတာမှ ၃၀ မီလီမီတာအထိလည်းကောင်း ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။
လေပြင်းတိုက်ခတ်မှု အခြေအနေတွေကတော့ မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ လေပြင်း (WIND GUST) တနာရီ ၃၅ မိုင်အထိလည်းကောင်း၊ ရခိုင်ရိုးမ၊ ရှမ်းကုန်းမြေမြင့်နဲ့ ပဲခူးရိုးမတို့ကြားရှိ မြေပြန့်ဒေသတွေမှာ လေပြင်း (WIND-GUST) တနာရီ မိုင် ၃၀ အထိလည်းကောင်း တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်း ဒေသအချို့နဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဒေသတွေမှာတော့ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ မိုင် ၂၀ ခန့်အထိသာ ရှိနိုင်တယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ မနက် ၁၀ နာရီခွဲအချိန် ထုတ်ပြန်တဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” သတင်းဖော်ပြချက်မှာတော့ မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ သံတွဲမြို့ (Thandwe) ရဲ့ အနောက်-အနောက်မြောက်ဘက်၊ ရေမိုင် ၂၉၀ မိုင်ခန့်၊ စစ်တွေမြို့ (Sittwe) ရဲ့ အနောက်-အနောက်တောင်ဘက်၊ ရေမိုင် ၂၀၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ရဲ့ တောင်-အနောက်တောင်ဘက်၊ ရေမိုင် ၁၅၅ မိုင်ခန့်၊ မွန်ဂလမြို့ (Mongla) ရဲ့ တောင်ဘက်၊ ရေမိုင် ၁၈၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း (Sagar Island) ရဲ့ တောင်-အရှေ့တောင်ဘက်၊ ရေမိုင် ၁၅၀ မိုင်ခန့်၊ ဒီဂါမြို့ (Digha) ရဲ့ တောင်-အရှေ့တောင်ဘက်၊ ရေမိုင် ၁၆၀ မိုင်ခန့်နဲ့ ကန်နင်း မြို့ (Canning) ရဲ့ တောင်- အရှေ့တောင်ဘက်၊ ရေမိုင် ၁၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။
မုန်တိုင်း “ရီမယ်(လ်)” ရဲ့ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည် ရွေ့လျားမယ့် အခြေအနေ မရှိတာကြောင့် “အဝါရောင်အဆင့်” သတ်မှတ်ထားတယ်လို့ သိရပါတယ်။
အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” ရဲ့ တည်နေရာ၊ ဗဟိုချက် လေဖိအားနဲ့ လေတိုက်နှုန်းတွေကတော့ ဒီကနေ့ မနက် ၉ နာရီခွဲအချိန်မှာ မြောက်လတ္တီကျု ၁၉ ဒသမ ၅ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၈၉ ဒသမ ၃ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၈၂ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံး လေတိုက်နှုန်းမှာ တနာရီ၊ မိုင် ၆၀ နှုန်းခန့် ဖြစ်တယ်လို့ သိရပါတယ်။
“ရီမယ်(လ်)” ဆိုင်ကလုန်းမုန်တိုင်းဟာ နောက် ၂၄ နာရီအတွင်း မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်ကာ ပိုမိုအားကောင်းလာနိုင်ပြီး ဒီကနေ့ ညပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ ဆာဂါကျွန်းတို့အကြား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့အနီးမှ ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းရဲ့အရှိန်ကြောင့် ဒီကနေ့ မေ ၂၆ ရက်၊ မနက်ပိုင်းမှ မနက်ဖြန် မေ ၂၇ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့နေရာတွေမှာ ဒေသ အလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်တယ်လို့ သိရပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက် လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်သလို မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၄၅ မိုင် မှ ၅၅ မိုင်အထိ တိုက်ခတ် နိုင်ပြီး လှိုင်းအမြင့် ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြို ခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင် သတိပြုဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့လည်း ကြိုတင် သတိပြုဖို့ လိုအပ်တယ်လို့ မိုး/ဇလ ဌာနက အကြံပြု ပြောကြားထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW