အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်သူတွေ ပုံစံအမျိုးမျိုးနဲ့ မြန်မာနိုင်ငံသားတွေကို ဦးတည်လိမ်လည်လာ

မေ ၂၆၊ ၂၀၂၄
Shy V (VOM)
အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်သူတွေ ပုံစံအမျိုးမျိုးနဲ့ မြန်မာနိုင်ငံသားတွေကို ဦးတည်လိမ်လည်လာလို့ အွန်လိုင်းကနေ မကြာခဏ လိမ်လည်ခံလာရကြောင်း လိမ်လည်ခံရသူတွေဆီက သိရပါတယ်။
ဆိုင်ကယ်‌‌ေတွ၊ ဖုန်းဒေတာ Package တွေ၊ အထည်တွေ၊ ဆီပန့်စက် (Second) တွေ စသဖြင့် မရှိတဲ့ လိပ်စာတွေနဲ့ အွန်လိုင်းကနေရောင်းဝယ်ကာ ‌ ငွေလိမ်လည်နေတဲ့ အပြင် အွန်လိုင်းကနေ အလုပ်တွေခေါ်ပြီး လိမ်လည်နေတာတွေလည်း ရှိကြောင်း လိမ်လည်ခံရတဲ့ သူတွေက ပြောပြပါတယ်။
“ကျွဲဆည်ကန် ကားဝင်းမှာလည်း ဒီကားဂိတ် လုံးဝ မရှိဘူးတဲ့။ မနေ့က ကျွဲဆည်ကန်ကားကွင်း ရောက်ပြီးပြီ။ မရှိဘူး။ အခုထိလည်း ဘယ်ဖုန်း ဘယ်ဖုန်းကမှ ဆက်လို့ မရဘူး။ သူ့ဖုန်းရော ဘောက်ချာမှာပါတဲ့ ဖုန်းတွေရော ဆက်လို့မရဘူး ဖေ့စ်ဘုတ် အကောင့်နဲ့ ပုံတွေတင်ထားပြီး ဘောက်ချာ အတုတွေ၊ တကယ်မရှိတဲ့ ဆိုင်လိပ်စာတွေ၊ ဂိတ်နာမည်တွေနဲ့ ဘောက်ချာတွေရေး၊ ဂိတ်မှာ ကားတွေနဲ့ ပစ္စည်းပို့သလို ဗွီဒီယိုဖိုင်တွေ ရိုက်ပို့ပြီး ငွေလွဲခိုင်းကာ ငွေလည်း လွဲပြီးရော အကောင့်ပါဘလော့ပစ်ကာ ဖုန်းတွေလည်း တလုံးမှ ဆက်မရကြောင်း၊ ငွေ ၁၀ သိန်း လိမ်လည်ခံခဲ့ရကြောင်း၊ ဒီလို ငွေရှာရခက်‌ခဲ‌ေနတဲ့ အချိန်မှာ နောက်လူတွေ မခံရအောင် သတိထား သင့်ကြောင်း သူက ပြောပါတယ်။
“မူဆယ်ဆိုပြီး လိမ်လည်သွားလို့ပါ။ အကုန်လုံးကို သိစေချင်ပါတယ်။ နောက်လူတွေမခံရအောင်။ မေ မြတ် မွန် (ကိုမျိုးဝင်း)၊ ကို မျိုး ဝင်း Facebook အကောင့်နဲ့ ဖူးပွင့်သစ် ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုတဲ့ နာမယ်နဲ့ ဆိုင်ကယ် ကလစ်ဘီး လိုင်စင်ပါပြီးဆိုပြီး လိမ်ရောင်းတယ်။ Kpay May Thu Paing (09670025079) အကောင့်နဲ့ ကျပ် ၁,၂၄၀,၀၀၀ ငွေလွဲ လက်ခံပြီး အကောင့်တွေရော ဖုန်းတွေရော ဘလော့သွားတယ်” လို့ ဆိုင်ကယ် ဝယ်ရာက လိမ်လည်ခံရသူက ပြောပါတယ်။
အဲဒီ အကောင့်က နာမည် ရှေ့နောက် အမျိုးမျိုး ပြောင်းကာလိမ်လည်နေတာ ဖြစ်ပြီး သူ့ အကောင့်နဲ့ Friend ဖြစ်သူတွေလည်း လိမ်လည်သူတွေ ဖြစ်ပြီး အဲဒီ အကောင့်နဲ့ လိမ်လည် ခံရသူတွေ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။
“ကျွန်မတို့က တရုတ်ပြည်ကနေထွက်လာတော့ စမတ်ကတ်က စောင့်ရအုံးမှာ ဆိုတော့ လစာနည်းရင်လည်း အလုပ်လုပ်ရင်း စောင့်မယ် ဆိုပြီး လိုင်းမှာ တွေ့လို့ လျှောက်လိုက်တာ။ ငွေ အရင်လွဲခိုင်းတယ်။ ဝန်ထမ်းကတ်တွေ လုပ်ရမယ် ဆိုပြီးတော့။ ဝတ်စုံဖိုးပါ ထပ်လွဲ ပေးဖို့ ပြောတော့ ကျွန်မတို့က အဲဒီ ဟိုတယ် ကို သွား ပြီးတော့ မေးလိုက်တာ။ သူတို့ ငွေလွှဲခိုင်းတာမရှိဘူးတဲ့၊ မင်းတို့ လိမ်ခံရပြီ၊ လိုင်းကနေမလျှောက်နဲ့၊ အလုပ်လိုချင်ရင် ကိုယ်တိုင်လာပြီး ဖောင်လာတင်လို့ ပြောတယ်” လို့ အွန်လိုင်းကနေ အလုပ်လျှောက်ရာက လိမ်လည်ခံရတဲ့ မိန်းကလေး ၂ ယောက်က ပြောပြပါတယ်။
အထည်တွေ ဖောက်သည်ပေးတယ်ဆိုပြီး အွန်လိုင်းကနေ အထည်မှာယူရာက ငွေသိန်းဆယ်ချီ လွဲပို့ပြီးမှာ ပစ္စည်းလည်း ရောက်မလာပဲ အကောင့်တွေပါ ဘလော့ခံလိုက်ရတယ်လို့ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
“ဖုန်းဒေတာ Package တွေ ဈေးသက်သက် သာသာနဲ့ ရတယ်ပေါ့။ သူတို့ ညွှန်းထားတဲ့ အတိုင်း လင့်တွေဝင်ပြီး တဆင့်ပြီး တဆင့် လိုက်လုပ်တာ၊ အချက်အလက်တွေ ဖြည့်ခိုင်းတာ။ ပြီးလည်း ပြီးရော Kpay မှာရှိတဲ့ ပိုက်ဆံ အကုန်ပါသွားတယ်” လို့ ကုန်တင်ယာဉ်မောင်း တယောက်ကလည်း ပြောပြပါတယ်။
အလားတူ ဖုန်းဒေတာ Package ကြော်ငြာတွေ့လို့ ဝယ်မိရာက Kpay နဲ့ ငွေလွဲခိုင်းတာ လျို့ဝှက်နံပါတ်မေးတာကို သတိ လက်လွှတ်ဖြစ်သွားပြီး ပေးလိုက်မိရာက Kpay မှာ ရှိတဲ့ ငွေ သိန်း ၃၀ ပါသွားကြောင်း ရခိုင်ဘက်က အမျိုးသမီး တယောက်က ပြောပြပါတယ်။
“အွန်လိုင်းပေါ်မှာ မှတ်ပုံတင်တွေ၊ ဖုန်းနံပါတ်တွေ တင်လို့ မရဘူး။ အခုက အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်တဲ့သူတွေ ယူသုံးတယ်။ ဓာတ်ပုံတွေပါ ယူသုံးတာ။” လို့ မူဆယ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အွန်လိုင်း ငွေလိမ်လည် ရင် အကောင့်တွေ အများကြီးဖွင့်ပြီး လိုင်းပေါ်က မိန်းကလေးပုံ လှလှလေးတွေ ယူသုံး၊ နာမည်ကြီးမော်ဒယ်တွေရဲ့ နာမည်၊ ပုံတွေယူသုံး၊ ယောက်ျားလေး ဖြစ်ပေမယ့် လိမ်လည်တဲ့ အခါ မိန်းကလေး ဟန်ဆောင်ပြီး လိမ်လည်ရကြောင်း၊ ကုမ္ပဏီ လုပ်ငန်းတွေ ဗန်းပြပြီး ရှယ်ယာဝင်ဖို့ ဆွဲဆောင်လိမ်လည်ရကြောင်း၊ တရုတ်နိုင်ငံ သာမက အာရှနဲ့ အနောက် နိုင်ငံတွေကိုပါ လိမ်လည်ရကြောင်း၊ တလ ကို အနည်းဆုံး ဒေါ်လာ ၂၀၀ မှ မလိမ်နိုင်ရင် ဒဏ်ပေး၊ တိုက်ပိတ် ညှဉ်းပန်း နှိပ်စက်ခံရကြောင်း လောက်ကိုင်မှာ ငွေလိမ်ဝန်ထမ်း အဖြစ်မှ မလုပ်ချင်တော့တာကြောင့် လျော်ကြေးပေး ပြီးထွက်လာခဲ့ရတဲ့ လူငယ် တယောက်က ပြောပါတယ်။
“ကိုယ့်ရဲ့ အိုင်ဒီယာပဲ။ ဘယ်သူတွေကို ဦးတည်ပြီး ဘာတွေ လုပ်မလဲ ဆိုတာ။ ဈေးရောင်းမလား၊ ကုမ္ပဏီ ရှယ်ယာပုံစံ ခေါ်ပြီး လိမ်မလား။ ဘယ်လိုပဲလုပ်လုပ် တလ တလ သူတို့ သတ်မှတ်ထားတဲ့ ငွေ ပမာဏ ရှာနိုင်ရင်ရပြီ။ အဖိုးကြီး၊ အဖွားကြီးတွေကိုလိမ်ရတာလည်း ရှိတယ်။ ဒါပေမယ့် ငွေရတာနဲ့ အကုန် ဘလော့ခ် ပစ်ရတယ်။” လို့ မူဆယ်က ငွေလိမ်ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ အမျိုးသမီး တယောက်က ပြောပြပါတယ်။
အွန်လိုင်းငွေလိမ် (ကျားဖြန့်) ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ လူတွေက ကိုယ့်ဖုန်းကို အလုပ်ထဲ ယူသွားလို့ မရပဲ အလုပ်ထဲ ဝင်တော့မယ် ဆိုတာနဲ့ ကုမ္ပဏီက အကုန်သိမ်းပစ်ပြီးတော့ သူတို့ရဲ့ ဖုန်း ၈ လုံး ပေးထား‌ေကြာင်း၊ အဲဒီ ဖုန်း ၈ လုံးနဲ့ အကောင့်တွေဖွင့်၊ လိုင်း‌ေပါ်က သူများပုံတွေ ယူသုံးပြီးတော့ အကောင့်တွေ မတူအောင်ဖွင့်ရကြောင်း၊ ဖုန်းအားလုံးနဲ့ လိုင်းပေါ်ကနေ တပြိုင်ထဲ လိုက်လံ လိမ်လည်ရကြောင်း၊ စစချင်း လိမ်လည်နည်းနဲ့ ဖုန်းသုံးတဲ့ နည်းတွေကို ကုမ္ပဏီ ကသင်ပေးကြောင်း သူက ပြောပြပါတယ်။
“ကျွန်မဆိုရင် တရုတ် ကျောင်းသူ တယောက်ဆီက လိမ်ဖူးတယ်။ သူက ငွေပြန်လွဲပေးဖို့ အရမ်းတောင်းပန်ပြီးပြောတယ်။ ငွေစာရင်းက ကုမ္ပဏီထဲ အဝင် ပြထားပြီလေ။ ပြန်လွဲလို့ မရတော့ဘူး။ သနားတော့ သနားတယ်။ နောက်ဆုံး အဲဒီ ကလေးမက Vedio call ခေါ်ပြီး သူ့အခန်းကနေ ခုန်ချပြီး သတ်သေသွားတယ်။ ကျွန်မကိုလည်း လိမ်ခံရတယ်။ ငွေလိမ် အချင်းချင်းလည်း ပြန်လိမ်ရတာရှိတယ်။” လို့ သူက ရှင်းပြပါတယ်။
၂၀၂၃ ပိုင်းခန့်ကစ တရုတ်အစိုးရက အွန်လိုင်းငွေလိမ် လုပ်ငန်းတွေကို ဖြိုခွင်းနှိမ်နင်းလာလို့ တရုတ်နိုင်ငံသားတွေကို ဦးတည်လိမ်လည်ဖို့ ခက်ခဲ လာတာကြောင့် မြန်မာနိုင်ငံသားတွေကို ဦးတည်ကာ အွန်လိုင်းက‌ေနလိမ်လည်လာတာတွေ တွေ့လာရပြီး မူဆယ်နယ်စပ်မှာတော့ ပြန်ပေးဆွဲ၊ ဓားပြတိုက်တာတွေပါ အွန်လိုင်း ငွေလိမ် (ကျားဖြန့်) နဲ့ ဆက်စပ်နေတာလို့ သိရကြောင်း ပြန်ပေးဆွဲခံရသူတွေနဲ့ နီးစပ်တဲ့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။
Photo Crd# ငွေလိမ်လည်ခံရတဲ့ ကာယကံရှင်များ

Related posts

Leave a Comment

VOM News

FREE
VIEW