၃နှစ်အတွင်း ပရဟိတသမားပေါင်း တရာကျော် ဖမ်းဆီးခံရတာမို့ ပရဟိတသမားတွေစိုးရိမ်နေရ



မေ ၊ ၂၆ ၊ ၂၀၂၄
SP ( VOM)

မြန်မာပြည် အလယ်ပိုင်းမှာရှိတဲ့ လူမှုကူညီရေးနဲ့ နာရေး အသင်းဝင် ပရဟိတသမားတွေဟာ နစက နဲ့ PDF အဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေရှိတာကြောင့် ပရဟိတလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲလာတယ်လို့ နာရေးကူညီမှုအဖွဲ့တွေဆီက သိရပါတယ်။

ပရဟိတသမားတယောက်က ” နစက နဲ့ PDF အဖွဲ့တွေကြားမှာ အသင်းလုပ်ငန်းတွေ ရပ်တည်နိုင်ဖို့ အခက်အခဲတွေရှိတယ် ၊ နှစ်ဘက်စလုံးက ဖမ်းဆီးမှုတွေရှိတယ် ၊ အဲ့ဒီလို ဖမ်းဆီးခံရမှု ဖြစ်စဥ်ပေါင်း တရာကျော်သွားပြီ ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၄ ရက်က ၊ စစ်ကိုင်း တိုင်း ၊ ရွှေဘိုမြို့နယ်နဲ့ တန့်ဆည်မြို့နယ်ကြားမှာ လူသေအလောင်း လိုက်ပါပို့ဆောင်ပေးတဲ့ ရွှေဘိုမြို့ပေါ်က ဓာတ်ပေါင်းစု လူမှုကူညီရေး ကားတစီး လမ်းမှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံရပါတယ်။ အဲ့ဒါအပြင် အဲ့ဒီ နာရေးကားပေါ်မှာ လိုက်ပါလာတဲ့ ဓာတ်ပေါင်းစု လူမှုကူညီရေး အဖွဲ့ဝင် ပရဟိတသမား ဦးဖြိုးဝေနဲ့ မြို့နယ်တရားရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရုံးစာရေးတယောက်ကို ဖမ်းဆီးထားလိုက်ပြီး နာရေးရှင်နဲ့ ပရဟိတသမားတချို့ကို ပြန်လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေဘိုမြို့ ၊ အမှတ် ၇ ချီပါစုရပ်ကွက်မှာ နာ/ ကူတာဝန်ထမ်းဆောင်နေတဲ့ စံပြ ပရဟိတ အသင်းဝင် ဦးအောင်ဆိုသူကိုလည်း သူ့ရဲ့နေအိမ်မှာ ရှိနေစဥ် ဒေသတွင်း အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် အခုထိ မိသားစုနဲ့ ဆက်သွယ်မရ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မေ ၇ ရက် စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ သုခကာရီ လူမှုကူညီရေး အဖွဲ့က ကိုဇင်ဖြိုးအောင် (ခ) ဖက်တီး ၊ ကိုအောင်သူ ၊ ကိုအာကာဖြိုးကျော်၊ ကိုအောင်အောင်၊ ကိုစိုးဝင်း၊ ကိုအေးဇာနည်ထွန်း ၊ စျေးသည် ကိုချစ်မင်းဦး အပါအဝင် ပရဟိတသမား ခုနှစ်ယောက်ကို PDF ထောက်ပို့ပေးလို့ဆိုပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့က ဖမ်းဆီးအရေးယူခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလ ၂၄ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ရွှေဘိုမြို့၊ အမှတ်(၆) ရပ်ကွက်တွင် နေထိုင်ပြီး ရွှေဘိုမြို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် ဥက္ကဌ ဦးနေမျိုးထွန်းဆိုသူကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ရွှေမြိုင်ဘိုလမ်းကြားအရောက်မှာ သေနတ်ထောက်ပြီး ပရဟိတကားပါ ယူဆောင် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မုံရွာမြို့ခံ ပရဟိတသမား တယောက်ပြောပြတာက
” ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဖေဖော်ဝါရီထဲမှာ မုံရွာမြို့ပေါ်က သုခဟိတ ၊ ဒေဝဂတိ နဲ့ ကရုဏာမြင့်မိုရ် အဲ့ဒီလူမှုကူညီရေး အသင်း ၃ သင်းက ပရဟိတသမား ၂၀ ကျော်ကို နစကက အရင်ဆုံး ဖမ်းခံရတယ် ၊ ၁ ပတ်အကြာမှာ ပြန်လွှတ်ပေးတယ် ၊ အဲ့ဒီနောက် တ ယောက်စ ၊ နှစ် ယောက်စ ဖမ်းခံရတဲ့သူတွေ များလာတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့ပေါ်က ပရဟိတသမား ၄ ယောက်ကို အသင်းရုံးလာခေါ်ပြီး ဖမ်းသွားတယ် “လို့ ပြောပါတယ်။

မန္တလေးတိုင်း မြောက်ပိုင်း၊ သပိတ်ကျင်းမြို့နယ် ၊ ပေါက်တပင်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၄ ရက် ၊ နေ့လယ်ပိုင်းက ဓမ္မပီယ လူမှုကူညီရေးအသင်းရဲ့ ပရဟိတကား ပစ်ခတ်မီးရှို့ခံရပြီး အဲ့ဒီ ကားပေါ်မှာ လိုက်ပါလာတဲ့ ပရဟိတသမား သုံးယောက်သေဆုံးခဲ့ပါတယ်။

၂၀၂၃ သြဂုတ် ၁၂ ရက်မနက်ပိုင်းကလည်း မန္တလေးတိုင်း မြောက်ပိုင်း ၊ မတ္တရာမြို့နယ် ၊ လမိုင်းကျေးရွာအုပ်စု ၊ ကျောက်တံတားကျေးရွာမှာ ရှိတဲ့ ရွှေတံတား လူမှုကူညီရေး အသင်း ဥက္ကဌ ဦးမြင့် ဆိုသူဟာ အသင်းရုံးရှေ့မှာရှိနေချိန် အမည်မသိ သေနတ်သမားတွေက ပစ်သတ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ် ၁၂ ရက်ကရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့မှာရှိတဲ့ လူမှုကူညီရေး အသင်းက ပရဟိတသမား ၆ ဦးနဲ့ မြို့ခံ လူ ၁၄ ဦးကို မတရားအသင်းအဖွဲ့တွေကို ကူညီ ထောက်ပံ့တယ်ဆိုကာ သက်ဆိုင်ရာက ဖမ်းဆီးထားတယ်လို့ နောင်ချိုမြို့ခံတွေဆီက သိရပါတယ်။

အဲဒီအပြင် မကွေးတိုင်း ၊ ရေစကြိုမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ လူနာပို့ ပြန်လာတဲ့ ပရဟိတကားနှစ်စီး ပစ်ခတ်ခံရလို့ ပရဟိတသမား သုံးယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လူမှုကယ်ဆယ် ပရဟိတကား တစီးဟာ မန္တလေးကို လူနာပို့သွားရာက စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲမှာ ပစ်ခတ်ခံရလို့ ပရဟိတသမား တယောက် သေဆုံးခဲ့ပါတယ်။

အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၊ ဒီကနေ့အထိ မြန်မာပြည် အထက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ နစက နဲ့ PDF တွေ ဖမ်းဆီးခံထားရသူနဲ့ သေဆုံးရသူ တရာကျော်ရှိလာပြီဖြစ်လို့ ကူညီေရးလုပ်ငန်းလုပ်ရာမှာ စိုးရိမ်မှုတွေရှိနေကြတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW