ရတနာ့ဂူက ပျောက်သွားတဲ့ နတ်ရုပ်တွေ ပြန်မရရင် အစားမထိုးပဲ ပွဲတော်ကျင်းပမယ်

မန္တလေး၊ မေ- ၂၇- ၂၀၂၄
SA(VOM)
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ လက်ဝဲမြင်းတိုင်ရပ်မှာရှိတဲ့ အလယ်နန်းရင်းက ပုပ္ပါးမယ်တော်နဲ့ သခင်မသာ နတ်ရုပ်တွေကို မေ လ ၂၃ ရက်နေ့ညက ခိုးယူခံလိုက်ရတဲ့အတွက် အစားမထိုးရဲတာကြောင့် နတ်ရုပ်တွေပြန်မရရင် နတ်ပွဲကို ဒီအတိုင်းကျင်းပသွားမယ်လို့ နန်းထိန်း ကိုမင်းက VOM ကိုပြောပါတယ်။
” ၂၃ ရက်နေ့ညပိုင်းမှာ မီးတွေကလည်း ပျက်လိုက်လာလိုက်နဲ့ မိုးကလည်း အကြီးအကျယ်ရွာတယ်။ နန်းမှာကလည်း အစောင့်မထားဘူး မထားဘူးဆိုတာကလည်း ရပ်ကွက်အလယ်ခေါင်မှာလေ ဒီနန်းကြီးဆိုတာက ဒီလိုတွေလည်းလုပ်လိမ့်မယ်လို့ ဘယ်သူကမှ ထင်မှတ်မထားဘူးပေါ့၊ မနက် ၅ နာရီလောက်မှာ နန်းမှာရှိတဲ့ တံခါးတခြမ်းက ပွင့်ပြီးတော့ အဲ့မှာခတ်ထားတဲ့ သော့နှစ်လုံးကလည်း ရိုက်ဖွင့်ထားတဲ့ ပုံစံမဟုတ်ပဲ မူရင်းသော့နဲ့ ဖွင့်ထားတဲ့ အနေအထားတွေ့ရတယ်၊ ပြီးတော့ အထင်ကရနတ်ရုပ် ပုံတော်နှစ်ပါး ခိုးခံလိုက်ရတာ၊ ရှေးဟောင်းမှောင်ခိုသမားတွေပဲ စနစ်တကျပြင်ဆင်ပြီး လုပ်သွားတယ်လို့ကျနော်ထင်ပါတယ်” လို့ နန်းထိမ်း ကိုမင်းကပြောပါတယ်။
ပျောက်ဆုံးသွားတဲ့ နတ်ရုပ်တွေနဲ့ ပတ်သက်ပြီး အမရပူရမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး လတ်တလောမှာ ဆက်သွယ်ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
လာမယ့် နယုန်လဆန်း ၁၃၊ ၁၄ ရက်နေ့မှာ ရိုးရာဖြစ်တဲ့ မယ်တော်ကြိုပွဲ ပြုလုပ်ဖို့ရှိနေပြီး ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့ကနေ ဝါခေါင်လကွယ်နေ့ထိ ရတနာ့ဂူနတ်ပွဲကြီး နှစ်စဥ်ကျင်းပကြတာလို့ သိရပါတယ်။
” လက်တလောတော့ စုံစမ်းနေပါတယ်၊ တကယ်လို့မှ ပွဲတော်ကာလရောက်သည်အထိ မယ်တော်တွေ ပြန်ကြွမလာဘူးဆိုရင်လည်း ကျင်းပရမှာပဲ ရောက်ရောက် မရောက်ရောက်၊ အစားထိုးတာကတော့ မလုပ်ရဲဘူးဗျ၊ ရိုးရာအတိုင်းကျင်းပသွားမှာပါ” လို့ နန်းထိမ်း ကိုမင်းက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ နတ်ရုပ်ပုံတော်တွေနဲ့ပတ်သက်ပြီး ပြန်လာအပ်မယ်ဆိုရင် တရားစွဲဆိုမှုပြုလုပ်သွားမှာမဟုတ်ပဲ ညှိနှိုင်းဆောင်ရွက်ပြီး ကြည်ဖြူစွာလက်ခံသွားမယ်လို့လည်း ကိုမင်းကပြောပါတယ်။
ပျောက်သွားတဲ့ ပုပ္ပါးမယ်တော်နတ်ရုပ်ဟာ
အရွယ် အစား၂ ပေ ရှိပြီး သခင်မသာ နတ်ရုပ်ပုံတော်ရဲ့အရွယ်အစားက ၁ ပေခွဲ ရှိတယ်လို့ အလယ်နန်းရင်းကို ထိန်းသိမ်းစောင့်ရှောက်သူ ကိုမင်းကပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW