မြဝတီ တောလမ်းအားလုံး သွားလာခွင့်ပိတ်လိုက်လို့ ကားသမားတွေ အခက်ကြုံနေ

မေ ၂၉ – ၂၀၂၄
GG (VOM)
မြဝတီကို သွားရောက်နိုင်တဲ့ တောင်ပတ်လမ်းတွေထဲက ထို့ကော်ကိုးလမ်းအပါအဝင် တောလမ်းအားလုံးကို KNU က သွားလာခွင့်ပိတ်သွားပြီး မြဝတီ – ကော့ကရိတ် ဒေါနတောင်တက်လမ်းဟောင်းတခုတည်းကသာ ကုန်ကားသီးသန့်သွားခွင့်ပေးနေတာကြောင့် ကားတွေပိတ်မိနေကြပြီးဒုက္ခရောက်နေတယ်လို့သိရပါတယ်။
မြဝတီ- ကော့ကရိတ် ဒေါနတောင်တက်လမ်းဟောင်းကနေ သွားလာခွင့်ပြုရာမှာလည်း မြဝတီကအဆင်း ကုန်ကားတွေကိုသာ ကုန်ပစ္စည်းတွေနဲ့ သွားခွင့်ပေးပြီး မြဝတီကိုတက်မယ့်ကုန်ကားတွေကိုတော့ ခါလီ ကုန်မပါမှသာ သွားခွင့်ပြုနေတာဖြစ်ကြောင်း၊ ကားလေးတွေကိုတော့ သွားခွင့်မပြုဘူးလို့သိရပါတယ်။
” ထို့ကော်ကိုးလမ်းကလည်းသွားမရဘူးပိတ်တယ်၊တောလမ်းက လေးလမ်းလောက်ရှိတာကို ထို့ကော်ကိုးလည်းပိတ်ထားတယ်။ ၁၀၁၈ လမ်းလည်းပိတ်တယ်၊ကြက်ဥတောင်လမ်းကလည်းသွားမရဘူး။ ဒေါနတောင်လမ်းသွားမယ်ဆိုရင်ကို မြေသားလမ်းဖြတ်ရသေးတယ်။အဲဒီလမ်းဟောင်းက ကုန်ကားပဲရတယ်။ဗွက်တွေထတယ်၊ လမ်းဟောင်းကလည်း မြဝတီကအဆင်းကုန်ပေးတယ်၊ အတက်ကိုကုန်တွေနဲ့ပေးမတက်ဘူး၊ ခရီးသည်တင်ကားလေးအစ ပေးမသွားတော့ဘူး၊အခုက ကုန်ကားပဲသီးသန့်ပဲပြောရမယ်၊အခုကားတွေကတော့ တဖြေးဖြေးချင်းပဲတိုးနေကြရတာပေါ့၊ ရတဲ့အချိန်မောင်းပေါ့၊ဘယ်လောက်ကြာမယ်ဆိုတာတော့မပြောနိုင်ဘူး ” လို့ မြဝတီ – ဘားအံ ကုန်ကားပြေးဆွဲနေတဲ့ ကုန်ကားမောင်သူတယောက်ကပြောပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကရွာသွန်းခဲ့တဲ့ မိုးအရှိန်ကြောင့် မြဝတီကိုသွားရောက်နိုင်တဲ့ ထို့ကော်လမ်း၊၁၀၁၈ တောလမ်း၊ကြက်ဥတောင်လမ်းပိုင်း ပျက်စီးပြီး ကားတွေ နစ်ခြင်း၊ ကားတွေလမ်းချော်ခြင်း၊ ကားတွေပျက်ခြင်း၊ ကားတွေအများအပြားပိတ်မိခြင်း၊ ကားတွေကိုကြိုးချည်ကာ ဆင်နဲ့ ဆွဲရခြင်းစတဲ့ အခက်အခဲတွေကြောင့် တောလမ်းတွေကိုသွားလာခွင့်ယာယီပိတ်လိုက်ပြီး ရာသီဥတုသာယာမှပြန်ဖွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
မြဝတီကိုသွားရောက်နိုင်တဲ့ တောင်ပတ်တော လမ်းတွေ သွားလာဖို့အဆင်မပြေမှုနဲ့အတူ လမ်းပိုင်းကုန်ကျစရိတ်တွေကလည်း ပိုပြီးမြင့်တက်လာကာ သယ်ယူပို့ဆောင်ရေးစရိတ်တွေမြင့်တက်လာပြီး လက်ရှိမှာတော့ ကုန်သွယ်မှုက ရပ်လုနီးပါးဖြစ်သွားပါတယ်။
” အရင်က မြဝတီကနေ ဘားအံကိုလာရင် ၆ဘီးကားကို တောလမ်းကနေ အပြီးအစ ၈ သိန်းလောက်ပဲရှိပေမယ့်အခုတော့ ၁၂ သိန်းလောက်ရှိသွားတယ်။အဲ့ဒါဆီဖိုးမပါသေးဘူး၊အခုကတော့ မြဝတီက ကုန်တွေပဲသယ်လို့ရပြီး ဒီဘက်ကကုန်တွေတော့ မြဝတီသယ်မရလို့ကုန်သွယ်မှုက အတော်ကိုနှေးပြီးရပ်သလောက်ဖြစ်သွားတဲ့သဘောပေါ့ ” လို့ သူက ထပ်မံပြောပါတယ်။
မြဝတီ – ကော့ကရိတ်-ဒေါနတောင်တက်လမ်းဟောင်းကနေ သွားမယ်ဆိုရင် တောင်ဖြတ်သန်းခအတွက်တင် ၈ သိန်းကျပ်ပေးရတယ်လို့သိရပါတယ်။
မြဝတီကို သွားရောက်နိုင်တဲ့ တောလမ်းတွေကနေသွားလာခွင့်ပိတ်သွားပေမယ့်လည်း မြဝတီကိုတက်ဖို့အတွက် ကုန်ကား၊ခရီးသည်တင်ကားအပါအိမ်စီးကားတွေကတော့ မြဝတီတောင်ခြေမှာအများအပြားရှိနေသလို တံတားမိုင်းခွဲခံရတဲ့ ရန်ကုန်- မော်လမြိုင်ကားလမ်းတလျှောက်မှာလည်း ကားအစီးရေ အများအပြားပိတ်မိနေပါတယ်။
Photo: ကားသမားတယောက်

Related posts

Leave a Comment

VOM News

FREE
VIEW