စစ်ကိုင်းနဲ့ မုံရွာမှာ ဆိုင်ကယ်စီးလာသူ လူငါးယောက် ပစ်ခတ်ဖမ်းဆီးခံရလို့ သေဆုံး

 

ဇွန် ၊ ၁၀ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မုံရွာ – အမြင့် ကားလမ်း ၊ ထနောင်းတော ကျေးရွာနားမှာ ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်က ဆိုင်ကယ်စီးလာတဲ့ လူငယ်သုံးယောက်ကို နစက လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” နစက လုံခြုံရေး အဖွဲ့တွေက ထနောင်တော (တောင်) ရွာနဲ့ (မြောက်) ရွာကြား မုံရွာ – အမြင့် တာရိုးလမ်းပေါ်မှာ ဆိုင်ကယ်နှစ်စီး လူသုံးယောက်ကို ပစ်ခတ်ဖမ်းဆီးတယ် ၊ အဲ့ဒါကြောင့် ပစ်ခတ်ခံရတဲ့ လူသုံးယောက် သေဆုံးသွားတယ် ” လို့ ထနောင်းတော (တောင်)ရွာ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မုံရွာ – အမြင့်လမ်း ထနောင်းတောရွာဘက်မှာ နယ်မြေရှင်းလင်းရေး လုပ်တယ် ၊ မသင်္ကါဖွယ်ရာ ဆိုင်ကယ် နှစ်စီးမောင်းလာတယ် ၊ လုံခြုံရေးအဖွဲ့တွေက ရပ်တန့်ပေးဖို့ ပြောတယ် ၊ သူတို့က ဆိုင်ကယ်ကို မောင်းထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်တယ် ၊ အမျိုးသား ရုပ်အလောင်း သုံးလောင်းနဲ့ ဆိုင်ကယ်နှစ်စီး ၊ AK သေနတ် တလက် ၊ ကျည်အိမ်တခု ၊ ကျည်ဆံ ၁၅ တောင့် သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

မနေ့ ဇွန် ၉ ရက် ၊ မနက် ၆ နာရီဝန်းကျင်က စစ်ကိုင်းမြို့နယ် ၊ ကျော်ဇေယျကျေးရွာနားမှာ အလားတူ ပစ်ခတ်ဖမ်းဆီးခံရပြီး ဆိုင်ကယ်တစီး လူနှစ်ယောက် သေဆုံးကာ အဲ့ဒီ ဆိုင်ကယ်ပေါ်က မိုင်းဖောက်ခွဲရာမှာ အသုံးပြုတဲ့ ရီမု နှစ်ခု ၊ ဒီတိုနီတာ ငါးချောင်း ၊ ဆားကစ်ပြား တခု ၊ ဘက်ထရီအိုး နှစ်လုံး သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၃၀ ရက်က မုံရွာမြို့ ၊မြို့ရှောင်ကားလမ်း (မြို့ပတ်လမ်း) ကမ္မကျေးရွာနဲ့ ကျောက်စစ်ပုံ သာစည်လမ်း အဝိုင်းပတ်နေရာ နားမှာ မုံရွာနယ်မြေရဲစခန်းက လှည့်ကင်းကားတစီးကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ပစ်ခတ်ပြီး ရဲအုပ်တယောက်အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးယောက်သေဆုံးကာ သေနတ် လေးလက်ပါသွားခဲ့တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW