မြန်မာပြည်ရဲ့ ဆင်းရဲကျပ်တည်းမှု အခြေအနေ အဆိုးဆုံး အဆင့်ကို ရောက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်ပြော

 

ဇွန် ၁၂ – ၂၀၂၄
SN (VOM)

လက်ရှိ မြန်မာနိုင်ငံရဲ့ ဆင်းရဲကျပ်တည်းမှု ပြဿနာဟာ ပိုမိုဆိုးဝါးလာတဲ့ ပဋိပက္ခတွေကြောင့် ဆက်လက် ကျယ်ပြန့်လာပြီး လွန်ခဲ့တဲ့ ခြောက်နှစ်တာအတွင်း အဆိုးဆုံး အဆင့်ကို ရောက်ရှိလာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့မှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရိပ်ရိပ်တိုးလာတဲ့ ပဋိပက္ခတွေ၊ လုပ်သားရှားပါးမှု ပြဿနာတွေ၊ ငွေကြေးဖောင်းပွမှုတွေက စီးပွားရေးလုပ်ငန်း အားလုံးလိုလိုကို အကျပ်အတည်းတွေ ကြုံစေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့စီးပွားရေးကဏ္ဍ တိုးတက်မှုနှုန်းဟာ လွန်ရောကျွံရော ၁ ရာခိုင်နှုန်းထက် မပိုနိုင်ဘူးလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ကမ္ဘာ့ဘဏ်ဟာ အခု ၂၀၂၄ ခုနှစ်၊ မတ်လအထိ မြန်မာ့စီးပွားရေး တိုးတက်နှုန်းကို ၁ ရာခိုင်နှုန်းဝန်းကျင်ထိ ရောက်ရှိမယ်လို့ ခန့်မှန်းခဲ့ဖူးပေမယ့် မတ်လကုန် အခြေအနေတွေအရ ၁ ရာခိုင်နှုန်းထက် မပိုနိုင်ဘူးလို့ ပြောင်းလဲ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က “တကယ်တမ်းလည်း ကုန်သွယ်မှုတွေ လျော့ကျနေတာဆိုတော့ သူတို့ ခန့်မှန်းတာ မမှားနိုင်ပါဘူး။ နယ်စပ်ကုန်သွယ်ရေးက မလုပ်နိုင်တော့ ပြီးခဲ့တဲ့နှစ်ကထက်စာရင်တော့ ကုန်သွယ်မှုကျတာကတော့ အမှန်ပဲလေ။ ပဋိပက္ခတွေ၊ စစ်ရှောင်နေရတဲ့သူတွေလည်းရှိတော့ border trade (နယ်စပ်ကုန်သွယ်ရေး) က မလုပ်နိုင်ဘူး။ အခုက sea trade (ရေကြောင်းကုန်သွယ်ရေး) တခုပဲ လုပ်နိုင်တယ်။ ဒါပေမယ့် sea trade ကလည်း ကုန်သွယ်မှု ကြီးကြီးမားမား မလုပ်နိုင်ဘူး။ အရင်တုန်းတော့ sea trade ရော၊ border trade ရော နှစ်ခုလုံးသွားနေတော့ ဘာပဲပြောပြော အဲဒီတုန်းကတော့ စီးပွားရေး တိုးတက်မှုနှုန်းကတော့ အထိုက်အလျောက် ရှိတာပေါ့။ အခုကတော့ ဒီဘက်ကတခုက ပိတ်သွားတဲ့အတွက် စီးပွားရေးတိုးတက်မှုနှုန်းကတော့ နည်းမှာပဲ” လို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာတော့ မြန်မာ့စီးပွားရေး ထုတ်လုပ်မှုဟာ ၂၀၁၉ ခုနှစ်ကရှိခဲ့တဲ့ အနေအထားအောက် ၉ ရာခိုင်နှုန်းမှာ ဆက်လက်ရှိနေမယ်လို့ ခန့်မှန်းထားပြီး ဒီအချက်ဟာ ဒေသတွင်းရှိ တခြားသော တိုင်းပြည်စီးပွားရေးတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိသာထင်ရှားတဲ့ ကွာဟချက် ဖြစ်‌နေတယ်လို့ ဖော်ပြထားပါတယ်။

အသက်မွေးမှု စီးပွားရေးလုပ်ငန်းတွေအပေါ် တိုက်ရိုက် သက်ရောက်မှုတွေအပြင် ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်မှုတွေနဲ့ ပြည်တွင်းကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့တာကို တွေ့ရသလို အခု ၂ဝ၂၄ ခုနှစ်၊ မတ်လအထိ ခြောက်လတာကာလအတွင်း ၂၀၂၃ ခုနှစ် ကာလတူအချိန်နဲ့ နှိုင်းယှဉ်ရင် ကုန်သွယ်ပို့ကုန် ၁၃ ရာခိုင်နှုန်းနဲ့ သွင်းကုန် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“Border trade က ကရင်ပြည်နယ် နယ်စပ်ကလည်း လုံးဝ လုပ်လို့မရတဲ့အနေထားမှာ ရှိတဲ့အခါကျတော့ ကရင်ပြည်နယ် နယ်စပ်ရဲ့ မြဝတီ trade ကလည်း တာချီလိတ်တခုပဲ သွားလို့ရတာကိုး။ ဒီတိုင်းသွားရင်တော့ မြန်မာနိုင်ငံက အခက်အခဲတွေတော့ မြောက်များစွာ ကြုံရနိုင်တယ်။ စီးပွားရေးတည်ငြိမ်ဖို့က နိုင်ငံရေး တည်ငြိမ်ဖို့ အရေးကြီးတယ်၊ နိုင်ငံရေး တည်ငြိမ်ဖို့က ဒေသတည်ငြိမ်ဖို့ အရေးကြီးတယ်၊ ဒေသတည်ငြိမ်ဖို့ ကတော့ စီးပွားရေး တည်ငြိမ်မှုရအောင်၊ ဒေသ တည်ငြိမ်မှုရအောင် အရပ်သားအစိုးရတရပ်ကတော့ အမြန်ဆုံးပေါ်ပေါက်လာဖို့ ကျွန်တော်တို့ မျှော်မှန်းတယ်” လို့ ဦးသက်ဇော်က ပြောပါတယ်။

အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာမှသာ Foreign Direct investment နဲ့ Foreign Delopment investment တွေနဲ့ ပတ်သက်လို့ အဆင်ပြေ ချောမွေ့လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ၊ အမာခံ စီးပွားရေးစနစ်တွေ ဖြစ်ပေါ်လာကာ တိုင်းပြည်စီးပွားရေး ပိုမို တည်ငြိမ်လာနိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီလိုပဲ ကမ္ဘာ့ဘဏ်ကလည်း ငွေကြေးဖောင်းပွမှု၊ လုပ်သားရှားပါးမှု၊ ငွေလဲနှုန်းမတည်
ငြိမ်မှု၊ ဓာတ်အားမလုံလောက်မှု စတဲ့ ကဏ္ဍတွေဟာ စီးပွား
ရေးတိုးတက်မှု အရှိန်အဟုန်ကို မူလ မျှော်လင့်ထားတဲ့ အခြေအနေထိမရောက်ဘဲ နောက်ကြောင်းပြန် ဆွဲချတဲ့ အဓိက အကြောင်းတရားတွေဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါအပြင် နစကရဲ့ စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမှုဟာလည်း နိုင်ငံစီးပွားရေး တိုးတက်နှုန်းကို ကျဆင်းစေတဲ့ အဓိက အကြောင်းတရား ဖြစ်ခဲ့တယ်လို့ သုံးသပ်ပြထားပါတယ်။

အဲဒီ ဥပဒေကို အသက်သွင်းလိုက်ပြီးတဲ့နောက် လူငယ်များစွာဟာ ပြည်ပနိုင်ငံတွေဆီ ရရာနည်းလမ်းတွေနဲ့ ထွက်ခွာကုန်ကြတာကြောင့် အကျိုးဆက်အနေနဲ့ လုပ်သားရင်းမြစ်ရှားပါးမှုက ဆိုးသထက် ဆိုးရွားသွားတယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်တုန်းက မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၃၂ ဒသမ ၁ ရာခိုင်နှုန်းအထိ အမြင့်ဆုံး ရောက်ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာတော့ အခြေအနေက အဲဒီထက် ဆိုးလာနေသလို နစကတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ မြင့်တက်လာခြင်းနဲ့အတူ နိုင်ငံအနှံ့ စစ်ရှောင်ဦးရေကလည်း သုံးသန်းကျော်အထိ တိုးပွားလာတယ်လို့ ကမ္ဘာ့ဘဏ်က အစီရင်ခံပါတယ်။

“နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုတွေ၊ အလုပ်အကိုင် ဆုံးရှုံးမှုတွေနဲ့ ဝင်ငွေကျဆင်းမှုတွေ ဖြစ်လာနေခဲ့ပြီး ဆင်းရဲမှုကျဆင်းရေးအတွက် ဆယ်စုနှစ်တခုစာ ကြိုးပမ်းခဲ့တဲ့ရလဒ်တွေ အကုန် အလဟဿ ဖြစ်သွားရတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နစကဟာ နယ်စပ်ကုန်သွယ်ရေး မြို့တချို့ကို လက်လွှတ်လိုက်ရတဲ့အတွက် နယ်စပ်ဖြတ်ကျော်တဲ့ သွင်းကုန်၊ ထုတ်ကုန်ကဏ္ဍတွေလည်း သိသိသာသာ လျော့ပါးသွားတယ်လို့ သိရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကုန်ထုတ်လုပ်မှုအပေါ် အဟန့်အတားဖြစ်စေတဲ့ ပဋိပက္ခ၊ မေခရိုစီးပွားရေး မတည်ငြိမ်မှုနဲ့ နေရပ်ရွှေ့ပြောင်းရမှုတွေကြောင့် စိန်ခေါ်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရပြီး စီးပွားရေးတိုးတက်မှု ဆက်လက် နှေးကွေးနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံရေးပဋိပက္ခတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းတာနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေ ဆိုးသထက်ဆိုးလာတယ်လို့ ပြည်တွင်းစီးပွားရေးသမားတွေက ပြောပါတယ်။

ပြည်သူတွေဟာ ဘေးကင်းလုံခြုံမှု မရှိတဲ့အပြင် အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင်လာရပြီး အခြေခံစားသုံးကုန်တွေ ဈေးနှုန်း မြင့်တက်လာတာကြောင့် စားဝတ်နေရေး ကျပ်တည်းတဲ့ ပြဿနာနဲ့ပါ ဆက်လက် ရင်ဆိုင်နေရတယ်လို့ ထောက်ပြကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေမြင့်တက်ပြီး နေထိုင်စားသောက်စရိတ်တွေ မြင့်တက်လာပေမယ့် လုပ်ခလစာနဲ့ ဝင်ငွေတွေ တိုးမလာတဲ့အတွက် ဝင်ငွေနဲ့ထွက်ငွေ မျှတမှုမရှိဘဲ ဖြစ်နေကြရပြီး ပြည်သူလူထုရဲ့ အကျပ်အတည်း အကျိုးဆက်တွေဟာ နိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေအထိ ဆိုးရွားစွာ ထိခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြန်မာပြည် #ဆင်းရဲကျပ်တည်းမှု #အဆိုးဆုံးအဆင့် #ရောက်ရှိ #ကမ္ဘာ့ဘဏ် #ထုတ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW