အိန္ဒိယ – ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်

 

ဇွန် ၁၃ – ၂၀၂၄
SN (VOM)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ပလက်ဝမြို့နယ်ကို ကုန်ပစ္စည်းတွေ တင်သွင်းနေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို မနေ့ ဇွန် ၁၂ ရက်မှစတင်ကာ ပြန်လည် ဖွင့်လိုက်ပြီဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်တဲ့ ဗဟိုလိုင်လူငယ်အဖွဲ့ (Central Young Lai Association – CYLA) က အသိပေး ကြေညာထားပါတယ်။

အဲဒီလမ်းကြောင်းဟာ ချင်းပြည်နယ် ပလက်ဝကတဆင့် အိန္ဒိယနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတာဖြစ်ပြီး နယ်စပ်ဒေသ လုံခြုံရေးအခြေအနေကြောင့် CYLA က ပြီးခဲ့တဲ့ မေလ ၂၅ ရက်မှ စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာတော့ လမ်းကြောင်း တည်ငြိမ်လာပြီဖြစ်တဲ့အတွက် ကုန်သွယ်မှုတွေ ပြန်လည်ပြုလုပ်နိုင်ဖို့ CYLA အဖွဲ့နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲဒီနောက်မှာတော့ နှစ်ပတ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို မနေ့ ညနေ ၆ နာရီမှစတင်ကာ ကားအဝင်အထွက် ပြန်လည် ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

“ရခိုင်မှာက ကုန်အသစ်တွေ မဝင်နိုင်တာ ကြာပြီ။ အဲဒီတော့ ဒေသတွင်းက လက်ကျန်ကုန်စည်တွေ ဈေးတအားတက်နေတယ်။ အဓိက စားနပ်ရိက္ခာ၊ ဆေးဝါး ၊ လောင်စာဆီ လိုအပ်တယ်။ ဒီလမ်းကြောင်း ပြန်ဖွင့်လိုက်ပြီဆို‌တော့ ထွက်ပေါက်တခုတော့ ရသွားတာပေါ့။ ရခိုင်မှာက လမ်းကြောင်းတွေအကုန်လုံး ပိတ်ခံထားရတာ‌ဆိုတော့ ပြည်တွင်းက တခြားဒေသတွေနဲ့က ကုန်လမ်းကြောင်းပြတ်နေတယ်။ အခု အိန္ဒိယဘက်က အနည်းနဲ့အများ ကုန်စည်အဝင်ရှိနေတော့ နည်းနည်းတော့ ခံသာသွားမယ်ထင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နစကတပ်က ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ထားတဲ့အတွက် အခြေခံစားကုန်တွေအပြင် ဆေးဝါးတွေပါ ပြတ်လပ်နေတာဖြစ်ပြီး ပလက်ဝမှတဆင့် တင်သွင်းနေရတဲ့ အိန္ဒိယကုန်စည်တွေကိုသာ အဓိက အားထားနေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီလမ်းကြောင်း ပြန်ဖွင့်ပေးလိုက်တာက အတိုင်းအတာတခုအထိတော့ အကျိုးရှိတာပေါ့။ ဒေသတွင်း စီးပွားရေးလုပ်ငန်း လှုပ်ရှားမှုတွေအတွက် အထောက်အကူဖြစ်တယ်။ ရခိုင်မှာက နစက က ဖြတ်လေးဖြတ်ဗျူဟာ ကျင့်သုံးနေတာဆိုတော့ ကုန်စည်စီးဆင်းမှုက ပြတ်တောက်နေတယ်။ ပြည်တွင်း ကုန်စည်စီးဆင်းမှုကတော့ မျှော်ကိုးလို့မရသေးတဲ့ အခြေအနေပေါ့။ အဲဒီတော့ ဒီလမ်းကြောင်းပိတ်ရင် ပိုဆိုးဖို့ပဲရှိတယ်။ ခုအချိန်မှာက ရခိုင်အတွက် စားသောက်ကုန်၊ လောင်စာနဲ့ တခြား လူသုံးကုန်ပစ္စည်းတွေ ရရှိဖို့ အိန္ဒိယကုန်စည်လမ်းကြောင်းကို အဓိကအားထားနေကြရတဲ့ အခြေအနေပေါ့” လို့ ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။

CYLA ဘက်ကတော့ လက်ရှိ ပြန်ဖွင့်ပေးထားတဲ့ လမ်းကြောင်းကနေ နှစ်ဖက် အဝင်အထွက်လုပ်ပြီး ကုန်သွယ်နေတာဟာ စောင့်ကြည့်နေဖို့လိုသေးတဲ့ အခြေအနေဖြစ်တာကြောင့် လေ့လာရေးအဖွဲ့ (Study Team) ကို ဖွဲ့စည်းကာ ရှေ့ဆက်စောင့်ကြည့်နေမယ်လို့ ကြေညာထားပါတယ်။

“နောင်တချိန် CYLA ဘက်မှ အကြောင်းထူးလို့ သတင်းထုတ်ပြန်လာတာပဲဖြစ်ဖြစ်၊ လုပ်ဆောင်မှုတခုခု ဖြစ်လုပ်လာမယ်ဆိုရင်လည်း မိဘပြည်သူတွေ လုံခြုံရေးအတွက်သာ လုပ်ဆောင်မှာဖြစ်တာကြောင့် လက်ခံ နားလည်ပေးစေချင်ပါတယ်” လို့ CYLA အဖွဲ့က အသိပေး ပြောဆိုထားပါတယ်။

အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းတွေ တင်သွင်းရာမှာ မီဇိုရမ်ပြည်နယ်ရှိ လောင်တလိုင်ခရိုင်အပြင် ဆိုင်းဟားနဲ့ တခြားမြို့နယ်တွေကလည်း တင်သွင်းမှုရှိကြပြီး အဲဒီထဲမှာမှ လောင်တလိုင်ဘက်ကနေ အဓိက တင်သွင်းမှု ပြုလုပ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ကုန်သည်တွေဟာ အိန္ဒိယမှ ကုန်ပစ္စည်းတွေကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှတဆင့် ရေလမ်းနဲ့ တရက်ကို ဟွန်ဒါ (စက်လှေငယ်) အစီးရေ ၃၀ မှ ၄၀ ကြား တင်းသွင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီပမာဏဟာ ကုန်တင်ကားအစီးရေ ၁၀ ကျော်နဲ့ ညီမျှပြီး နေ့စဥ် ကုန်ပစ္စည်းနဲ့ လောင်စာဆီတွေ ဝယ်ယူတင်သွင်းလျက်ရှိကာ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်တွေအထိ ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အိန္ဒိယ #မီဇိုရမ် #လောက်တလိုင် #ပလက်ဝ #ရခိုင် #ကုန်သွယ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW