တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်း ၊ရခိုင် ၊ကယား ၊ကရင်ပြည်နယ်တွေမှာ ကျောင်း ၈၀၀၀ ကျော်မဖွင့်နိုင်

ဇွန် ၁၄ – ၂၀၂၄
GG (VOM)
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်
၊ကယားပြည်နယ် ၊ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း   လက်ရှိပညာသင်နှစ်မှာ  စာသင်ကျောင်း ၃၇၇၇ ကျောင်းသာ ဖွင့်လှစ်ထားနိုင်တယ်လို့ ပညာရေးဝန်ကြီးဌာနကသိရပါတယ်။
အဆိုပါ ရခိုင်ပြည်နယ်အပါ ဒေသလေးခုမှာက စာသင်ကျောင်းပေါင်း ၁၂၀၀၀ လောက်ရှိတာကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ပညာသင်နှစ်ရဲ့ စာသင် ကျောင်းစာရင်းအရသိရှိတာကြောင့် ဒီနှစ်မှာ မဖွင့်လှစ်နိုင်တဲ့ စာသင်ကျောင်းအရေအတွက်ဟာ ၈၀၀၀ ကျော်အထိရှိနေတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
“စစ်ကိုင်းမှာ ဆိုရင်ကျောင်းပေါင်းက ၅၀၀၀ ကျော်ရှိတယ်ဆိုပေမယ့်ခု ၁၀၀၀ ကျော်ပဲဖွင့်နိုင်သေးတယ်၊ မဖွင့်နိုင်တဲ့ ကျောင်းတွေကတော့နယ်မြေလုံခြုံရေးနဲ့တိုက်ပွဲတွေကြောင့်ပေါ့၊ အခုက နယ်မြေတည်ငြိမ်တဲ့နေရာကကျောင်းတွေစဖွင့်တယ်၊နောက်ထပ်လည်းဖွင့်ဖို့တော့လုပ်နေတယ်သိရတယ်ဆိုပေမယ့် လွယ်တော့မလွယ်ဘူး၊ ဆရာဆရာမတွေကလည်း မတည်ငြိမ်တဲ့ဘက်တွေဆို မသွားရဲကြဘူး ဖြစ်နေတာ” လို့ စစ်ကိုင်းက ပညာရေးဝန်ထမ်းတ​ယောက်က ပြောပါတယ် ။
 စစ်ကိုင်းတိုင်းမှာကအထက်တန်းကျောင်း ၃၁၀ ကျော်၊ အလယ်တန်းကျောင်း ၆၇၀ ကျော်၊ မူလတန်းကျောင်း၂၀၉၀ ကျော်၊ ကျေးလက်ဒေသ ကလေးသူငယ်များ ပညာသင်ကြားနိုင်ခွင့် ပွင့်လန်းလာစေဖို့ အထက်တန်းကျောင်းခွဲ ၃၆၀ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၇၃၀ ကျော်၊ မူလတန်းလွန်ကျောင်း ၉၉၀ ကျော်၊ မူလတန်းကျောင်းခွဲ ၂၆၀ ကျော် နဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အပါအဝင် စုစုပေါင်း ၅၅၀၀ ကျော်ရှိတယ်လို့ ၂၀၂၀ ပညာသင်နှစ် ကျောင်းစာရင်းအချက်အလက်အရသိရပါတယ်။
အဲဒီကျောင်းစာရင်းထဲကမှ လက်ရှိပညာသင်နှစ်မှာ  စစ်ကိုင်းတိုင်းအတွင်း ၁၂၇၆ ကျောင်းဖွင့်လှစ်နိုင်တာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။
အလားတူ ရခိုင်ပြည်နယ်မှာလည်း အခြေခံပညာအထက်တန်းကျောင်း ၊အလယ်တန်းကျောင်း နဲ့  မူလတန်းကျောင်းပေါင်း     ၃၁၉၃ ကျောင်း ရှိတဲ့အနက်  ခုပညာသင်နှစ်မှာ စာသင်ကျောင်း ၁၂၂၄ ကျောင်းသာဖွင့်လှစ်နိုင်တာဖြစ်တယ်လို့သိရပါတယ်။
ကရင်ပြည်နယ်မှာလည်း စာသင်ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိတဲ့အနက် ၁၂၄၁ ကျောင်းဖွင့်လှစ်နိုင်ပြီး ကယားပြည်နယ်မှာတော့ စာသင်ကျောင်းပေါင်း ၅၀၀ လောက်ရှိပေမယ့် ၃၆ ကျောင်းသာဖွင့်လှစ်နိုင်တာကို ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
” ရခိုင်မှာက မလွယ်ဘူးလေ ၊ AA ထိန်းချုပ်ထားတဲ့မြို့တွေဆိုလည်းမဖွင့်နိုင်သေးဘူး၊တခြားတိုက်ပွဲဖြစ်တဲ့နေရာတွေလည်းမဖွင့်နိုင်သေးဘူး၊ဖွင့်လည်း မတက်နိုင်ဘူး၊ စစ်ရှောင်နေရသူတွေ များတယ်လေ၊ မအေးချမ်းဘဲ ကျောင်းဘယ်လိုတက်နိုင်မလဲ ” ရခိုင်ပြည်နယ် ဒေသခံတယောက်ကပြောပါတယ်။
 ခုချိန်ထိ ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ ကျောင်းပေါင်း ၈၀၀၀ ကျော်ထဲမှာ တိုက်ပွဲကြောင့် မဖွင့်နိုင်ခြင်း၊နယ်မြေတည်ငြိမ်မှုမရှိလို့မဖွင်နိုင်ခြင်း၊ နယ်မြေတည်ငြိမ်ပါကလည်း အရင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စာသင်ကျောင်းတွေလက်နက်ကြီးထိမှန်ပျက်စီးခဲ့လို့ ပြင်ဆင်နိုင်ခြင်းမရှိသေးတဲ့အတွက် မဖွင့်လှစ်နိုင်သေးတဲ့ကျောင်းတွေပါဝင်တယ်လို့သိရပါတယ်။
ဒါကြောင့်ကျောင်းပေါင်း ၈၀၀၀ ကျော်လောက်မဖွင့်နိုင်တဲ့ ရခိုင်၊စစ်ကိုင်း၊ကရင်နဲ့ကယားပြည်နယ်မှာ ကျောင်းနေအရွယ်ကျောင်းသားကျောင်းသူပေါင်း သိန်းနဲ့ချီ ကျောင်းတက်ရောက်စာသင်ကြားနိုင်ခြင်းမရှိပါဘူး။
ပညာရေးဝန်ကြီးဌာနကတော့ လက်ရှိနယ်မြေဒေသအခြေအနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့ဒေသတွေက ကျောင်းတွေကိုဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူတွေနဲ့ ညှိနိူင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။
Photo:CJ
#Voiceofmyanmar #vom #ကရင် #ကယား #စစ်ကိုင်း #ရခိုင် #စာသင်ကျောင်း

Related posts

Leave a Comment

VOM News

FREE
VIEW