ပေါင်မြို့နယ်မှာ ဒီမနက် ကျေးရွာအုပ်ချုပ်ရေးမှူး တယောက် ပစ်သတ်ခံရ ၊ မွန်ပြည်နယ်မှာ ခြောက်လအတွင်း ပစ်သတ်ခံရသူ ၄၀ နီးပါးရှိ

 

 

ဇွန် ၊ ၁၄ ၊ ၂၀၂၄
SP ( VOM)

မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ ထန်းလေးပင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဒီကနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်က ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှူကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ထန်းပင်လေးကျေးရွာက အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်း ပစ်သတ်ခံရတယ် ၊ နေအိမ်မှာပဲ ပစ်ခံရတာ ၊ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဦးချစ်ဝင်းနေအိမ်ကိုရောက်လာပြီး ဦးခေါင်းနောက်စေ့ကို ပစ်သွားတယ် ၊ အဲ့ဒီနောက် သေနတ်သမားနှစ်ယောက် ထပ်ရောက်လာတယ် ၊ သေနတ်သမား စုစုပေါင်း လေးယောက်ဖြစ်တယ် ၊နောက်ရောက်လာတဲ့ သေနတ်သမား နှစ်ယောက်က ဦးချစ်ဝင်းရဲ့ သားဖြစ်သူကို မှောက်ခိုင်းထားပြီး ရွှေဆွဲကြိုးနဲ့ ရွှေလက်စွပ်တကွင်း ဖြုတ်ယူသွားတယ် ၊ အဲ့ဒီအပြင် စစ်မှုထမ်း ကိစ္စအတွက် စုဆောင်းထားတဲ့ ပိုက်ဆံ သိန်း ၆၀ ကျော်လည်း ပါသွားတယ် ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဆိုပါ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပေါင်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၉ ရက်က မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ၊ ပေါက်တောကျေးရွာအုပ်စု ၊ ပေါက်ကွဲကျေးရွာမှာ နာရေးအိမ် ပစ်ခတ်မှုဖြစ်ပွားကာ အဲ့ဒီ ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ၊ လူနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၆ ရက် ညနေ ၆ နာရီဝန်းကျင်က ဘီးလင်းမြို့နယ် ၊ တောင်စွန်းကျေးရွာမှာရှိတဲ့ မြို့နယ်လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးရုံးလုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ်ကြီး တင်လှဆိုသူ ပစ်သတ်ခံရပါသေးတယ်။

ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၁၄ ရက်က စက်သုံးဆီဆိုင်ပိုင်ရှင် သူဌေး နှစ်ယောက် တချိန်တည်း တပြိုင်တည်း ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် ၊ နေ့လယ် ၁၁ နာရီဝန်းကျင်ကလည်း ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မကျေးရွာမှာရှိတဲ့ ရွှေဖြူ ရော်ဘာအကျဥ်းစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးစင်းအောင် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် မွန်ပြည်နယ်မှာ အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇွန် ၁၄ အတွင်း ပစ်သတ်ခံရသူ ၃၈ ယောက်ရှိပြီး ခြောက်ယောက် ဒဏ်ရာရတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

#voiceofmyanmar #VOM#ပေါင်မြို့နယ်#ထန်းလေးပင်အုပ်ချုပ်ရေးမှူး အသတ်ခံရ

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW