မုံရွာမှာ ရှစ်နှစ်အတွင်း ပထမဆုံးရေပြန်ကြီး

 

ဇူလိုင် ၁၁ – ၂၀၂၄
SN (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ရှစ်နှစ်အတွင်း ပထမဆုံးအနေနဲ့ ရေကြီးမှု ပြန်လည် ဖြစ်ပွားလာပြီး ရေဘေးကြောင့် ကျေးရွာ ၁၅ ရွာ စတင်ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရေကြီးမှုဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ရှစ်နှစ်အတွင်း ပထမဆုံး ရေကြီးရေလျှံမှုဖြစ်ပြီး ဇူလိုင်လ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်အတွင်း ချင်းတွင်းမြစ်ရေ ခုနစ်ပေခန့်အထိ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ချင်းတွင်းမြစ်ရေကတော့ မုံရွာမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်ကို ရောက်နေပြီ။ ပြီးတော့ မုံရွာဘက်နေ ဟိုဘက်ကိုကူးတဲ့ ထန်းထော ဇက်ဆိပ်ပေါ့၊ ပုံမှန် ဇက်ကူးနေကျလမ်းပေါက်တောင်မှ သဲအိတ်တွေနဲ့ ပိတ်ထားလိုက်ရပြီ။ မြစ်အနောက်ဘက်ကမ်းမှာကျတော့ ရွှေလှေနဲ့ ထန်းထော၊ ညောင်ပင်ကြီးလမ်းတောက်လျှောက် ရေရောက်နေပြီ။ လမ်းမပေါ်မှာရေက ဆိုင်ကယ်အင်ဂျင်မြုပ်တဲ့အထိ ရေရောက်နေပြီ။ ရေလွှမ်းရာနေရာတွေက လူတွေရော၊ တိရစ္ဆာန်တွေရော လမ်းဘေး ဝဲ၊ ယာတွေမှာ တက်နေကြရတယ်” လို့ မုံရွာဒေသခံက ပြောပါတယ်။

လက်ရှိမှာ ညောင်ဖြူပင်၊ ချောင်းကောက်၊ ကျွန်းကြီးအုပ်စု၊ ဘုမ္မနိုးအုပ်စု စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၅ ခုခန့်က ဒေသခံ ၂၀ဝ၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် မုံရွာဆိပ်ကမ်းတာရိုး မြောက်ပိုင်းမှာလည်း ရေစိမ့်ဝင်မှု ဖြစ်ပေါ်နေတာကြောင့် သဲအိတ်တွေကာရံပြီး မုံရွာမြို့ခံတွေက စောင့်ကြည့်နေကြရတယ်လို့ ဆိုပါတယ်။

အခုလက်ရှိမှာတော့ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့အတွက် သောက်သုံးရေ ပြတ်လပ်တာမျိုးတွေ ဖြစ်နေတာကြောင့် မသန့်ရှင်းတဲ့ရေတွေ အသုံးပြုနေရလို့ ဝမ်းပျက်ဝမ်းလျှောပြီး ဖျားနာသူတွေအပြင် မြွေတို့၊ ကင်းခြေများတို့လို အဆိပ်ရှိတဲ့အကောင်တွေ ကိုက်ခံရတာတွေလည်းရှိနေပြီး ကျန်းမာရေးမကောင်းဖြစ်နေတာကြောင့် ဆေးဝါးပစ္စည်းတွေနဲ့ အသုံးဆောင်တွေလိုအပ်နေတယ်လို့ ရေဘေးရှောင်ဒေသခံတွေက ပြောကြပါတယ်။

“မိုးသည်းသည်းထန်ထန် ရွာလို့ ရေကြီးတာမျိုးမဟုတ်ဘူး။ ချင်းတွင်းမြစ်ရေ ကြီးရာကတဆင့် နှစ်ရက်အတွင်း ၆ ပေကျော်အထိ ရေဝင်လာတာ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

အခုလို ရေကြီး၊ ရေလျှံမှုတွေ ဖြစ်နေပေါ်တဲ့အတွက် တောင်သူလယ်သမားတွေ စိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်း၊ စပါးခင်း၊ ကွမ်းခြံနဲ့ ပြောင်းဖူးခင်းတွေလည်း ရေမြုပ်ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ရေဘေးသင့် ပြည်သူတွေအနေနဲ့‌ ရေကောင်းရေသန့်မရရှိတာ၊ နေရာထိုင်ခင်း အခက်အခဲဖြစ်တာတွေနဲ့ စားဝတ်နေရေးအခက်အခဲ ရှိနေတာကြောင့် လှူဒါန်းလိုသူတွေအနေနဲ့ ရေသန့် တကတ် ၄၅၀ဝ ကျပ်၊ ဆန်တအိတ် တသိန်းတသောင်းကျပ်၊ မာမား ခေါက်ဆွဲခြောက် တဖာ နှစ်သောင်းကျပ်နဲ့ ဆီ ငါးပိဿာတပုံးကို ခြောက်သောင်းကျပ် စသဖြင့် ကူညီနိုင်တယ်လို့ မုံရွာမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းက အသိပေး ပြောဆိုထားပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၁၂ ရက်၊ မနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့မှာ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့် (၁၀၆ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေပြီး နောက်တရက်အတွင်း ၃ လက်မခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #မုံရွာ #ရှစ်နှစ်အတွင်း #ပထမဆုံး #ရေပြန်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW