ရေကြီးမှုကြောင့် ဆားလင်းကြီး၊ ဝက်လက်နဲ့ စဉ့်ကူးက ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းနေရ

 

ဇူလိုင် ၁၂ – ၂၀၂၄
SN (VOM)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး၊ ဝက်လက်နဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွေမှာ ‌ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကစပြီး ချင်းတွင်းမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာအများအပြား ရေနစ်ပြီး အရေးပေါ်ပြောင်းရွှေ့နေရတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီး၊ ကူးတို့ကုန်း၊ ပလောင်၊ ရွှေလှေ၊ ရွာသစ်ကုန်း၊ ဝဲကြီး၊ ဝဲကွဲ၊ နတ်ကျွန်း၊ နတ်စက်၊ ခံကုန်း၊ ထန်းတော၊ ထန်းတောကြီး စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာအများအပြားမှာ မြစ်ရေတွေ ဝင်ရောက်နေပြီး ရေဘေးဒုက္ခသည် သောင်းနဲ့ချီရှိနေကာ ရေသန့်၊ ဓာတ်ဆားနဲ့ စားသောက်ကုန်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆိုးဆိုးဝါးဝါး ရေမြုပ်တာတော့ ထန်းတောကြီးက အရင်မြုပ်နေတာ။ ပြီးတော့ ရွှေလှေ၊ ထန်းတောကြီး၊ ထန်းတော၊ ပလောင်ရွာတွေ မြုပ်တယ်။ အလှူရှင်တွေလည်း မလာတော့ စားသောက်ဖို့အတွက် ပြတ်လပ်နေပြီ။ ကျန်းမာရေးအတွက် ဓာတ်ဆားထုပ်တွေလည်း လိုတယ်။ ရေဝင်တာက မြစ်ကမ်းနံဘေး နီးတဲ့ရွာတွေ တောက်လျှောက်ပါပဲ။ တရွာမှမလွတ်ဘူး။ ရေကြီးတာလည်းမြန်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ရေနစ်မြုပ်တဲ့ ကျေးရွာတွေထဲမှာ စစ်ရှောင်ရွာ လေးရွာခန့် ပါဝင်နေပြီး လက်ရှိအချိန်မှာ အဲဒီကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

“ရေက ဆက်တက်နေတုန်းပဲ။ စစ်ရှောင်တွေကတော့ လက်ရှိမှာ နီးစပ်ရာ ရေလွတ်တဲ့ကုန်းမြင့်တွေပေါ် အရေးပေါ် ပြောင်းရွှေ့နေကြရတယ်။ စုစုပေါင်း အယောက် ၇၀၀ လောက်ရှိမယ်။ ရေက ဇူလိုင် ၈ ရက် ညမှာမိုးတအားရွာပြီး ၉ ရက်နေ့ မနက်ပိုင်းလည်းကျရော ရွာတွေထဲ ရေဝင်လာတာ။ တရက်ကို ရေအမြင့် ၁ ပေလောက် တက်နေတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူက ပြောပါတယ်။

ဒါအပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ အရှေ့ခြမ်းမှာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ရိုးတလျှောက်က အနိမ့်ပိုင်းနေရာတွေ ရေမြုပ်နေတယ်လို့ ဝက်လက်မြို့က စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူက ပြောပါတယ်။

“တိုက်ပွဲတွေကြောင့် စဉ့်ကူးမြို့နယ်ဘက်ကနေ စစ်ဘေးရှောင်လာကြတဲ့ ပြည်သူတွေရော၊ ဝက်လက်က ဒေသခံတွေ စစ်ရှောင်တွေရော အကုန် ဒုက္ခရောက်နေကြတာ။ အိမ်တွေ မီးလောင်သွားလို့ ဝက်လက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေက ဧရာဝတီမြစ်ကမ်းဘေးနဲ့ မြစ်ထဲက ကျွန်းတွေပေါ်မှာ ယာယီ စစ်ရှောင်တဲတွေထိုးပြီး နေနေကြတာရှိတယ်။ အခု အဲဒီတောက်လျှောက်က နေရာတွေအကုန် ရေမြုပ်ကုန်တာ” လို့ သူက ပြောပါတယ်။

အဲဒီလိုပဲ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာလည်း မြေနိမ့်ပိုင်းနေရာတွေ ရေကြီးနစ်မြပ်မှု ဖြစ်ပေါ်နေတာကြောင့် အခက်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေမြုပ်နေတဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း လာရောက်နိုင်ခြင်း မရှိတာကြောင့် ဘေးလွတ်ရာကို ကိုယ်တိုင် ရွှေ့ပြောင်းကြရသလို စားစရာနဲ့ ဆေးဝါး အကူအညီတွေလည်း လုံးဝ မရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အခုအချိန်မှာ ရေသန့်ရရှိဖို့ အရမ်းရှားပါးနေတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောအတွက် ဓာတ်ဆားထုပ်လေးတွေရယ်၊ ပြီးတော့ ဆေးဝါးတွေလည်း လိုအပ်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြစ်ရေကြီးမှု ဖြစ်စဉ်တွေအနက် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီး၊ ရေလျှံမှုဟာ အဆိုးရွားဆုံးဖြစ်ပြီး ပြည်နယ်နဲ့ တိုင်း ၁၄ ခုအနက် ၁၂ ခုအထိ ရေဘေးဒုက္ခကို ခံစားခဲ့ရပါတယ်။

အဲဒီ ရေကြီး၊ ရေလျှံမှု ဖြစ်စဉ်ကြောင့် လူဦးရေ ၁၀၀ ကျော် သေဆုံးခဲ့ပြီး အိမ်ထောင်စု လေးသောင်းကျော်နဲ့ လူဦးရေ ၁၆ သိန်းဝန်းကျင် ရေဘေးတွေ့ကြုံခဲ့ရကာ လယ်ဧက ခုနစ်သိန်းကျော် လုံး၀ ပျက်စီးခဲ့ပြီး ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုမှာ ကျပ် ၁၆၅ ဘီလီယံအထိ ရှိခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန် လက်ထက်က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ရေကြီး၊ ရေလျှံမှု ဖြစ်စဉ်တွေဟာ မိုးရာသီကာလဖြစ်တဲ့ ဇွန်လမှ အောက်တိုဘာလအတွင်း ဖြစ်ပွားလေ့ရှိပြီး ဇူလိုင်လနဲ့ ဩဂုတ်လတွေကတော့ အဖြစ်အများဆုံး ကာလတွေ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ဆားလင်းကြီး #ဝက်လက် #စဉ့်ကူး #ဒေသခံတွေ #အရေးပေါ် #ရွှေ့ပြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW