မန္တလေး – မြစ်ကြီးနားကားလမ်း ပိတ်ထားလို့ ကားအစီး‌ရေ ရာနဲ့ချီ ပိတ်မိနေ

 

ဇူလိုင် ၁၃ – ၂၀၂၄
SN (VOM)

စစ်ကိုင်းတိုင်းရှိ တိုက်ပွဲတွေကြောင့် မန္တလေး – မြစ်ကြီးနားကားလမ်း ပိတ်ထားတာကြောင့် ကားအစီး‌ရေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ လမ်းအသုံးပြုသူတွေက ပြောပါတယ်။

နစကတပ်တွေနဲ့ PDF တပ်တို့ကြား တိုက်ပွဲ ပြင်းထန်နေတာကြောင့် မန္တလေးအဝင်ဂိတ်၊ မဲဇာဂိတ်နဲ့ ကျောက်တန်းကျေးရွာ ဂိတ်တို့ကို ဇူလိုင် ၁၁ ရက်၊ ညပိုင်းမှစတင်ကာ နှစ်ဖက်တပ်ဖွဲ့တွေက ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာ ဖြစ်တယ်လို့ လမ်းအသုံးပြုသူတွေက ပြောပါတယ်။

ဒါကြောင့် အဲဒီလမ်းပိုင်းမှာ လက်ရှိအချိန်ထိ ပိတ်မိနေတဲ့ ကားအစီးရေ သုံးရာဝန်းကျင်ရှိနေပြီး လမ်းကြောပိတ်ချိန် ကြာမြင့်လာတာနဲ့အမျှ ပိတ်မိနေတဲ့ ကားအရေအတွက် ပိုမိုများပြားလာနိုင်တယ်လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။

“အတက်၊ အဆင်းအားလုံး ပိတ်လိုက်တာ။ ဒီလမ်းက အရင်ကလည်း တိုက်ပွဲဖြစ်ရင် ခဏခဏ ပိတ်လေ့ရှိတယ်။ တိုက်ပွဲငြိမ်ရင် လမ်းပြန်ဖွင့်ပေးတယ်။ ဒါပေမယ့်လည်း တခါတလေကျရင်လည်း တိုက်ပွဲမဖြစ်ဘဲနဲ့လည်း လမ်းပိတ်တာမျိုးရှိတတ်တယ်။ အခု တခါလမ်းပိတ်တာကတော့ အရမ်းမကြာဖို့ မျှော်လင့်ရတာပဲ။ လက်ရှိမှာတော့ ကားကြီး၊ ကား‌သေး အကုန် တန်းစီပြီး ပိတ်မိနေတယ်” လို့ သူက ပြောပါတယ်။

အဲဒီ ကားလမ်းခရီးစဉ်ဟာ အရင်တုန်းက အသွားအပြန် တရက်သာ ကြာပေမယ့် လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် လေးညအိပ်၊ ငါးရက်ခရီးသွားနေရသလို တခါတရံ ဆယ်ရက်နီးပါးအထိ ကြာမြင့်တတ်တယ်လို့ သူက ပြောပါတယ်။

“ကြိုတင် ကြေညာထားတာ မရှိဘဲ အခုက ထွက်လာပြီးမှ ပိတ်တာဆိုတော့ လူစီးကားထက် ကုန်ကားတွေက ပိုအဆင်မပြေဘူး။ အချိန်ပိုင်းလေး ပြန်ဖွင့်ပေးရင်ကောင်းမယ်” လို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် မန္တလေး-မြစ်ကြီးနားကားလမ်းကို ၁၀ ရက်ထက်မနည်း ပိတ်ထားခဲ့တာကြောင့် မန္တလေးကနေ မြစ်ကြီးနားဘက်ကိုတက်မယ့်ကားတွေ စပယ်နံ့သာမှာ ပိတ်မိနေပြီး မြစ်ကြီးနားမြို့နယ်အတွင်း ကုန်စည်ဝင်ရောက်မှု မရှိတော့ဘဲ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

#voiceofmyanmar #VOM #မန္တလေး_မြစ်ကြီးနား #လမ်းပိုင်း #ကားအစီး‌ရေ #ရာနဲ့ချီ #ပိတ်မိ

Related posts

Leave a Comment

VOM News

FREE
VIEW