လှိုင်သာယာမှာ ဖယ်ရီကား တိမ်းမှောက်ပြီး အလုပ်သမား အယောက် ၆၀ နီးပါး ဒဏ်ရာရ

 

ဩဂုတ် ၂ – ၂၀၂၄
SN (VOM)

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာ အဝေးပြေးကားဝင်းအနီးမှာ ဒီကနေ့ သြဂုတ် ၂ ရက်၊ မနက် ၈ နာရီဝန်းကျင်က စက်ရုံဝန်ထမ်း ကြို/ပို့ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အလုပ်သမား အယောက် ၆၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ သိရပါတယ်။

အဲဒီ ဝန်ထမ်းကြို/ပို့ယာဉ်ဟာ လမ်းဖြတ်ကူးသူတယောက်ကို ရှောင်တိမ်းလိုက်ရာကနေ လက်ယာဘက်ကို တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ လိုက်ပါလာသူတွေအနက် အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၄၇ ‌ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

“အမျိုးသမီးတယောက် လမ်းဖြတ်ကူးတာကို ရှောင်ရင်း တိမ်းမှောက်သွားတာပါ။ ကားပေါ်မှာ လူဘယ်နှစ်ယောက်ပါလဲ မသိပေမယ့် ဒဏ်ရာရတဲ့သူကတော့ အယောက် ၆၀ နီးပါးရှိတယ်။ ပြင်ပဒဏ်ရာတွေကတော့ သိပ်မစိုးရိမ်ရဘူး။ ဒါပေမယ့် အတွင်းမှာ ဘာဖြစ်မလဲဆိုတာ မသိနိုင်တော့ ဒဏ်ရာရတဲ့သူ အကုန်လုံးကိုတော့ ဆေးရုံ ပို့ပေးလိုက်တယ်” လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒဏ်ရာရ ရသူတွေဟာ ဦးခေါင်းထိခိုက်၊ လက်နဲ့ ခြေထောက် ထိခိုက်၊ ရင်ဘက်အောင့်၊ ဗိုက်အောင့် (မစိုးရိပ်ရ) ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ အဲဒီ လူနာတွေကို လှိုင်သာယာလူနာတင်ယာဥ် ကွန်ယက်တွေနဲ့ လှိုင်သာယာပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဲဒီဝန်ထမ်းတွေဟာ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်ရှိ ချယ်ရီအထည်ချုပ်စက်ရုံက ဝန်ထမ်းတွေလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံနဲ့ တညင်းကုန်းလမ်းဆုံအကြားမှာ စက်ရုံဝန်ထမ်း ကြို/ပို့ ဖယ်ရီကားနဲ့ တွဲကားတစီးတို့ တိုက်မိတာကြောင့် စက်ရုံဝန်ထမ်း ၃၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #လှိုင်သာယာ #စက်ရုံဝန်ထမ်း #ကြိုပို့ယာဉ် #တိမ်းမှောက် #အလုပ်သမား #အယောက်၆၀နီးပါး #ထိခိုက်ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW