ဖားကန့်မှာ တိုကင်စနစ်နဲ့ တနာရီ ကျပ်နှစ်သောင်းပေးပြီး အင်တာနက်သုံးနေရ

 

ဩဂုတ် ၅ – ၂၀၂၄
SS (VOM)

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ တိုကင်စနစ်နဲ့ တန်းစီရကာ တနာရီကို ကျပ်နှစ်သောင်းပေးပြီး အင်တာနက် အသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ဖားကန့်အပါအဝင် မြို့နယ်အများစုမှာ ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်နေတာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကတည်းကဖြစ်ပြီး MPT , Mytel , Telenor , Ooredoo ဖုန်းလိုင်းတွေ အသုံးပြုလို့မရဘဲ အားလုံး ပြတ်တောက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖားကန့်မြို့အတွင်းက IP Star နဲ့ Star link တပ်ဆင်ထားတဲ့ ဆိုင်တွေမှာ တိုကင်စနစ်နဲ့ တန်းစီပြီး အင်တာနက် အသုံးပြုနေရတာဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်ကနေ ဩဂုတ်လ ၆ ရက်နေ့ထိ တပတ်စာ တိုကင်ပြည့်နေပြီ ဖြစ်တယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

“အခု သုံးနေတဲ့ link တွေက Outdoor Unit ဂြိုဟ်တုစလောင်းလေးတွေကနေ သူချိတ်ချင်တဲ့ Satellite ကို သူ့ဟာသူ auto tracking လုပ်ပြီး ချိတ်သွားတာမျိုးပေါ့။ ဂြိုဟ်တုစလောင်းဆိုပေမယ့် Reflector တွေ Feed unit တွေနဲ့လည်း မဟုတ်ပါဘူး။ Patch Antenna သုံးရတာမျိုးပါ။ အခုက တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိနေတော့ ‌ဒီကလူအားလုံးက ထိတ်လန့်နေကြတယ်။ အင်တာနက်ပေါ်မှာ သတင်းတွေ ဖတ်ချင်ကြတယ်။ တယောက်နဲ့တယောက် သတင်းစကား ပါးချင်တာတွေလည်း ရှိကြတယ်။ တချို့ကတော့ အလုပ်ကိစ္စအတွက် သုံးတဲ့သူရှိတယ်။ အဲဒါကြောင့် မရ ရတဲ့နေရာကနေ အချိန်ပေးပြီး အင်တာနက် လာသုံးနေကြရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖားကန့်မြို့မှာ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နိုင်ငံရေး အပြောင်းအလဲဖြစ်တဲ့နောက် ခုနစ်လအကြာ ဩဂုတ်လကစပြီး ဖုန်း၊ အင်တာနက် Mobile Data နဲ့ Wifi တွေ၊ ဖုန်းအော်ပရေတာလိုင်းအားလုံး ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ Mytel မိုဘိုင်း အင်တာနက်လိုင်းကို ၁၀ ရက်ကြာ ပြန်ဖွင့်ပေးခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီနောက် ဖုန်းနဲ့အင်တာနက်လိုင်းတွေဟာ ဖားကန့်မြို့တွင်း၊ မြို့ပြင် နေရာတချို့မှာ သုံးလို့ရနေရာကနေ အခု ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ ဖုန်း၊ အင်တာနက်လိုင်းအားလုံး ထပ်မံ ပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဖုန်းနဲ့ အင်တာနက်လိုင်း‌တွေ ပြတ်တောက်နေရခြင်းနဲ့ ပတ်သက်လို့ နစကဘက်ကတော့ ဆက်သွယ်ရေး အော်ပရေတာ နည်းပညာပြဿနာကြောင့် ဖြစ်တယ်လို့ အသိပေးပြောဆိုထားပါတယ်။

အင်တာနက်လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်တဲ့ Freedom on the Net အစီအရင်ခံစာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံဟာ ဒုတိယ အဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားရေးအဖွဲ့ Access Now ရဲ့ ထုတ်ပြန်ချက်မှာလည်း အင်တာနက်ပိတ်ဆို့မှု အဆိုးဝါးဆုံး ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေ ဆိုးရွားစွာဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံလည်း ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

#voiceofmyanmar #VOM #ကချင်ပြည်နယ် #ဖားကန့် #တိုကင်စနစ်# တနာရီကျပ်နှစ်သောင်း #ပေးပြီး #အင်တာနက်သုံးနေရ

Related posts

Leave a Comment

VOM News

FREE
VIEW